[Unicode]
ဆေးရုံအခန်းက ကျယ်ဝန်းလို့သာ ရှဝမ်နန် အခန်းထဲမှာပဲ လမ်းလျှောက်မည်ဟု ပြောလိုက်သော်လည်း တကယ်တမ်း လျှောက်စရာနေရာကို မရှိချေ။ တစ်လှမ်းနှစ်လှမ်း လျှောက်ပြီး နောက်ဆုံးတော့လည်း ပြတင်းပေါက်နားမှာပဲ ဘူတာဆိုက်သွားရသဖြင့် လိုက်ကာဆွဲဖွင့်လိုက်ရင်း အပြင်ဘက်ကို ငေးကြည့်မိသည်။
သိပ်မကြာလိုက်၊ သူ့ဘေးကို မင်လုချွမ်းက တိုးတိတ်စွာ ရောက်လာ၏။
ညလေပြည် ဝေ့ခနဲ တိုက်ခတ်လာစဉ် သစ်ပင်ပန်းမန်ရနံ့တို့က အခန်းထဲ ပြည့်သိပ်သွားလျက်။ တစ်ချိန်တည်းမှာပဲ လေထုထဲတွင် အခြားသော ရနံ့တစ်မျိုးက ပျော်ဝင်နေခဲ့သည်။ အေးမြပြီး သစ်သားရနံ့လို ဖြစ်ကာ အတိအကျဆိုရလျှင် သစ်ပင်တစ်ပင်ပင်၏ ရနံ့မျိုး။
စကားလုံးအနည်းငယ်နှင့် ဖော်ပြဖို့ ခဲယဉ်းသော်ငြား၊ တောင်တန်းတွေကြားက နက်ရှိုင်းသော တောအုပ်ထဲ ရောက်ရှိသွားသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းသည်။ မိုးထိအောင် မျှော်ကြည့်လိုက်လျှင် ကောင်းကင်နှင့်ထိစပ်လုနီးပါး မြင့်မြင့်မားမား ပေါက်ရောက်နေသော နှစ်ချို့သစ်ပင်များကို ပတ်ပတ်လည် တွေ့ရလိမ့်မည်။ ကြည်လင်သော တောင်ကျစမ်းရေက သင့်ခြေဖဝါးအောက်တွင် အေးစိမ့်စွာ စီးဆင်းနေပါသလို။ တောအုပ်အတွင်း နက်နဲသောတစ်နေရာတွင် ရှေးဟောင်းဘုရားကျောင်းကို ရေးရေးတွေ့ရကာ စိမ်းမြနေသော ခေါင်မိုးအုတ်ချပ်များနှင့် နံရံအဖြူများကို မျက်လုံးက ဘွားခနဲ တွေ့လိမ့်မည်။
ထိုရှုမျှော်ခင်းက နွေညအလယ် ဆေးရုံခန်းထဲရောက်နေသော ရှဝမ်နန်၏ လက်ရှိအနေအထားနှင့် လားလားမှ မသက်ဆိုင်ပေ။
သို့တိုင် ထိုတစ်ခဏမှာ သူ့စိတ်က ငြိမ်းချမ်းသွားရသည်။
တစ်ခဏ တည်ငြိမ်သွားပြီးနောက် ရှဝမ်နန် ရုတ်ခြည်း အသိဝင်သွားတာက- ထိုအေးမြသော သစ်သားရနံ့မှာ မင်လုချွမ်း၏ဖယ်ရိုမုန်းရနံ့ဖြစ်သည်ဆိုသော အချက်။
သူ ကိုမာဝင်ရာမှ နိုးလာချိန်ကစပြီး အခုချိန်ထိ မင်လုချွမ်းနှင့် အချိန်တော်တော်များများ ကုန်ဆုံးခဲ့သော်လည်း တစ်ဖက်လူ၏ ဖယ်ရိုမုန်းရနံ့ကို ရှူရှိုက်မိတာ ဒါ ပထမဆုံးအကြိမ်။ သို့နှင့် ရှဝမ်နန် ခြေတစ်လှမ်းဆုတ်ကာ မင်လုချွမ်းနှင့် သူ့ကြား အကွာအဝေးကို ခြားစေလိုက်သည်။
ВЫ ЧИТАЕТЕ
One-way Passage || ဘာသာပြန်
Любовные романы[ Alpha×Beta ] * Cover photo credit to original artist. Start Date - 30.4.2024 End Date -