UNICODE
ရှဝမ်နန် ကိုယ့်အခန်းထဲမှာကိုယ် အောင်းရင်း ညဉ့်နက်သည်အထိ စာဖတ်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အစပထမ ရှုပ်ထွေးပြီး မှေးမှိန်နေသော အကြောင်းအရာများမှာ ထင်သလောက် မခက်ခဲတော့ပေ။ သူ့မှတ်ဉာဏ်တွင် ထိုပညာရပ်အပိုင်းကို အပြီးပိုင်ဆုံးရှုံးလိုက်ရတာမဟုတ်မှန်း နားလည်သွားရသည်။ နည်းပညာအသိနှင့် ပတ်သက်လို့ တစ်စုံတစ်ရာက ပိတ်ဆို့တားဆီးထားသယောင် ထင်ရသည့်တိုင် မြူကင်းစင်သည်နှင့် အရာအားလုံး တမုဟုတ်ချင်း ရှင်းလင်းသွားသည့်အလားပင်။
သူ့လက်ပ်တော့ထဲ၌ မင်ယန်၏ Emotions ရေမွှေးထုတ်လုပ်မှုနှင့် သက်ဆိုင်သော သုတေသနမှတ်တမ်းများဖြင့် ပြည့်နှက်နေသည်။
ဦးစွာ ရှဝမ်နန်က လူ၏ဖယ်ရိုမုန်းကို လက်ခံမည့် receptor များ ပိုင်ဆိုင်ထားသော အင်းဆက်မျိုးစိတ်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်သည်။ လူတွေဆီက ဖယ်ရိုမုန်းကို ထိုအင်းဆက်က တုံ့ပြန်မှုပေးလျှင် ရနံ့ထုတ်လွှတ်နိုင်တာမျိုး။ သို့နှင့် ရှဝမ်နန်က အင်းဆက်၏ ဂလင်းထဲသို့ လူတွေဆီမှ ထုတ်နုတ်ထားသောဖယ်ရိုမုန်းကို တိုက်ရိုက်ထိုးသွင်းလိုက်ပြီး၊ တုံ့ပြန်မှုအနေနှင့် ပြန်လည်ထုတ်လုပ်လာသော မျိုးစပ်ဖယ်ရိုမုန်း transmitter ကို အင်းဆက်ဆီမှ ရယူခဲ့သည်။
မျိုးစပ် transmitter သည် လူမှာရှိသော ဖယ်ရိုမုန်း receptor များ၌ ဝင်ပေါင်းနိုင်စွမ်းရှိသည်။ ဤနည်းဖြင့် ကိုယ်ပိုင်ရနံ့ကို သယ်ဆောင်လာ၏။ အစပိုင်းတွင် ထို မျိုးစပ် transmitter သည် ရနံ့တစ်ခုတည်းကိုပဲ ပေးစွမ်းနိုင်ခဲ့သော်ငြား ရှဝမ်နန်နှင့် သူ့အဖွဲ့က Lab ခန်းထဲမှာ မရေမတွက်နိုင်အောင် စမ်းသပ်လေ့လာမှုပြုခဲ့ကြပြီးနောက် မျိုးပွားဖို့အတွက် အင်းဆက်မျိုးစိတ်တူကို ရအောင် ရှာဖွေခဲ့သည်။ နောက်ဆုံးမှာတော့ နည်းစနစ်တင်းကျပ်စွာ ဖွဲ့စည်းထားသော Lab ခန်းထဲ၌ 'စိတ်ခံစားမှု' ၇ မျိုးကို ကိုယ်စားပြုသည့် မျိုးစပ် transmitter ၇ ခုကို ထုတ်လုပ်နိုင်ခဲ့ခြင်း။
ယင်းက Emotions ဖယ်ရိုမုန်းရေမွှေး၏ ဇစ်မြစ်ပင်။
လတ်တလောတွင် ရေမွှေး brand မြောက်များစွာက ဖယ်ရိုမုန်းရေမွှေးထုတ်လုပ်ဖို့ ကြိုးပမ်းနေကြသော်လည်း မျိုးစပ် transmitter ထုတ်လုပ်သည့်နည်းပညာကို အတိအကျသိတာက မင်ယန်တစ်ခုတည်းသာ။ တခြား brand တွေကတော့ အားလုံး အခက်အခဲများစွာကြုံကြရသည်။ မင်ယန် အောင်မြင်ခဲ့တာက ရှဝမ်နန် ပါဝင်ဆောင်ရွက်မှုကြောင့်ဆိုရင်လည်း မမှား။ အဘယ်ကြောင့်ဆိုသော် အယ်လ်ဖာနှင့် အိုမီဂါများက ဖယ်ရိုမုန်းသက်ရောက်မှုဒဏ်ကို ခံရပြီး အင်းဆက်မှ စစ်ထုတ်လာသော ရနံ့၏ ပြောင်းလဲမှုသေးသေးလေးကို ရိပ်စားနိုင်စွမ်းမရှိကြ၍။
YOU ARE READING
One-way Passage || ဘာသာပြန်
Romance[ Alpha×Beta ] * Cover photo credit to original artist. Start Date - 30.4.2024 End Date -