19

397 77 2
                                    

[Unicode]

မင်လုချွမ်းက အလုပ်တစ်နာရီစောဆင်းပြီး ညစာအတူစားကြဖို့အတွက် ရှဝမ်နန်ကို အိမ်တော်သို့ ခေါ်သွားသည်။ ဒရိုင်ဘာကို နေ့တစ်ဝက် နားခွင့်ပေးလိုက်ကာ သူကိုယ်တိုင် ကားမောင်းသွားလေ၏။

နေမဝင်သေးသဖြင့် ဟိုးအနောက်အရပ်မှ နေရောင်ခြည်များ ဖြာကျနေဆဲ။ ရုံးအပြန် ယာဉ်ကြောကြပ်သည့်အချိန်နှင့် ကြုံသဖြင့် ရှဝမ်နန် ယာဉ်မောင်းသူဘေးက ခုံမှာ ထိုင်ရင်း လမ်းဆုံနား၌ စီတန်းပိတ်ဆို့နေသော ကားတန်းအရှည်ကြီးကို ကြည့်နေမိသည်။ ကားတန်း၏အဆုံးနားတွင် မင်လုချွမ်းတို့ကားလေးမှာ အရှေ့ဘက်ကရွေ့သလောက် တလှိမ့်လှိမ့်။

“ငါ့ကို မင်းမိသားစုအကြောင်း ပြောပြနိုင်မလား”

ရှဝမ်နန်က ငြိမ်ငြိမ်မနေနိုင်သလိုနှင့် မင်လုချွမ်းကိုလည်း စကားမပြောဘဲ မနေနိုင်ပေ။

မင်လုချွမ်း၏လက်များက စတီယာရင်ကို ဆုပ်ကိုင်လျက်သား။ သူ့မျက်ဝန်းများမှာမူ အရှေ့ဘက်က လမ်းမကိုသာ စူးစိုက်မျှော်ကြည့်ရင်း

“ကိုယ့်မှာ အဖေနဲ့ ညီနှစ်ယောက်ရှိတယ်”

ရှဝမ်နန် သိချင်စိတ်နှင့် စပ်စုမိသည်-

“မင်းအမေကရော”

“ကိုယ့်အဖေက အိုမီဂါလေ” မင်လုချွမ်းက ဆို၏။

ရှဝမ်နန် ချက်ချင်း သဘောပေါက်သွားပြီး

“ဒါဆို မင်းမှာ နောက်ထပ်အဖေတစ်ယောက် ရှိမှာပေါ့...အဲ...ဒါမှမဟုတ် အမေလား၊ အယ်လ်ဖာ အမေ?”

မင်လုချွမ်းက မျက်မှောင်ရေးရေးတွန့်သွားခဲ့လျက်-

“သူ သေပြီ”

အလိုမကျသလိုလေသံကို ကြည့်ခြင်းအားဖြင့် မိသားစုတွင်းပြဿနာများ ရှိနေသလားဟု ရှဝမ်နန် တွေးမိသွားပြီး ထိုကိစ္စကို ဆက်မပြောဖို့ ဆုံးဖြတ်လိုက်သည်။

အရှေ့ကမီးပွိုင့်မှ မီးစိမ်းသွားပြီမို့ ကားက နောက်တစ်ကြိမ် ဝူးခနဲ မောင်းထွက်သွားလေ၏။

မင်လုချွမ်းက ရုတ်တရက်ပြောလာသည်။

“ကိုယ့် အယ်လ်ဖာအဖေအကြောင်း မမေးနဲ့တော့..ပါးက သူနဲ့ ဘာမှ မပတ်သက်တော့ဘူး”

One-way Passage || ဘာသာပြန်Where stories live. Discover now