10

479 89 3
                                    

[Unicode]

တစ်ချက်အငိုက်မှာ ရှဝမ်နန် မင်လုချွမ်းကိုယ်ပေါ်သို့ ပစ်လဲကျသွားရသည်။ ထိုတစ်ခဏမှာ မင်လုချွမ်း၏ ဖယ်ရိုမုန်းရနံ့ကို သူ ကွဲကွဲပြားပြား ရလိုက်သည်။ သို့နှင့် အလိုအလျောက်တုံ့ပြန်မှုအရ အိပ်ရာတစ်ဖက်ခြမ်းသို့ လှိမ့်သွားကာ မင်လုချွမ်းကိုယ်ပေါ်မှ လှစ်ခနဲ ဆင်းပြီး ကုတင်ဘေး၌ ရပ်လိုက်လေ၏။

ထိုနေရာမှာ ရပ်နေစဉ် ရင်ထဲ တဒုန်းဒုန်းတုန်လှုပ်နေတာတွေ ပျောက်ကွယ်မသွားသေးဘဲ သူ မင်လုချွမ်းကို ကြည့်၍ မေးလိုက်သည်။

"မင်း ဘာလုပ်တာလဲ"

မင်လုချွမ်းက အိပ်ရာပေါ် နဂိုလှဲနေသည့်အနေအထားအတိုင်း ဆက်လှဲနေရင်း စောင်ကို ရင်ဘတ်ထိ ဆွဲခြုံလိုက်ပြီး-

"မင်းပဲ ဒီမှာအိပ်ဖို့ လာတာဆို?"

"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့တော့"

ရှဝမ်နန် ဆိုလိုက်သည်-"ငါ ဒီအခန်းထဲမှာ အိပ်ပုံမပေါ်ဘူး၊ ငါတို့ အခန်းခွဲနေနေကြတာ ဟုတ်တယ်မလား"

မင်လုချွမ်းက သူ့မေးခွန်းကို မဖြေ။

ရှဝမ်နန်ခေါင်းထဲ အတွေးတစ်ခု ဖျတ်ခနဲပေါ်လာသည်- ပုံမှန်ဆို လက်ထပ်ထားတဲ့စုံတွဲတွေက အခန်းခွဲနေမှာထက်စာရင် အိပ်ရာလောက်ပဲ ခွဲအိပ်ကြတာမဟုတ်ဘူးလား။ သို့သော် ယခုအချိန်က အသေးစိတ်အချက်များကို ဇီဇာကြောင်နေရမည့်အခြေအနေ မဟုတ်သေး။ နောက်ထပ်မေးခွန်းတစ်ခုကို အလျင်အမြန်မေးလိုက်ရသည်။

"ငါ့အခန်းထဲက မီးခံသေတ္တာ password ကို သိလား?"

မင်လုချွမ်းက သူ့ကို မျက်စိစွေကြည့်ပြီး

"မင်းအခန်းထဲမှာ မီးခံသေတ္တာရှိတယ်လား"

ရှဝမ်နန်ကတော့ မင်လုချွမ်းနှင့် စကားဆက်ပြောရင်း အချိန်ဖြုန်းဖို့ စိတ်ကူးမရှိပေ။

"ဒါဆို မင်းလည်း မသိဘူးပဲ"

မင်လုချွမ်းတောင် မသိဘူးဆိုမှတော့ သူ့မီးခံသေတ္တာထဲမှာ အရေးကြီးသည့်ပစ္စည်းတွေ ရှိရမည်။ ဒါကြောင့်လည်း သူက မင်လုချွမ်းကို မပြောပြခဲ့တာ ဖြစ်မယ်။

One-way Passage || ဘာသာပြန်Where stories live. Discover now