[Unicode]
မင်မိသားစုတစ်ခုလုံးက လျှို့ဝှက်ဆန်းကြယ်သောအငွေ့အသက်နှင့် အုံ့ဆိုင်းနေသလိုပင်။ မြူခိုးတွေလိုပဲ တခြားတစ်ဖက်မှာ တစ်ခုခုရှိနေမှန်း ရှဝမ်နန် ခံစားမိနေသော်လည်း ဘယ်အရာပါဟု ပြောရလောက်အောင် သဲကွဲမနေ၊ အရာရာ ဝေဝါးလျက်သား။
မနက်စာစားချိန်၌ ရှဝမ်နန် ရည်ရွယ်ချက်ရှိရှိ မင်စီယန်းနံဘေးမှာ ဝင်ထိုင်လိုက်၏။ နောက်ပြီး မင်ချင့်နှင့် အေးအေးလူလူစကားပြောချင်ယောင်ဆောင်ရင်း ကုလားထိုင်နောက်ကို မှီလျက် လက်မောင်းတစ်ဖက်ကိုပါ ပျင်းရိပျင်းတွဲတင်ထားသည်။ ဘယ်သူမှ အာရုံမရချိန်၊ သူ မင်စီယန်း၏လည်တိုင်နား ကပ်သွားပြီး အနံ့ခံကြည့်ဖို့ ကြံရုံရှိသေး...
သူ အနားမကပ်ရသေးခင်ကို မင်လုချွမ်းက သူ့အား လက်ကောက်ဝတ်ကနေ လှမ်းဆွဲခေါ်လိုက်၏။ ရှဝမ်နန် လန့်သွားသလို ကြောင်လည်းကြောင်သွားရကာ-
“ဘာတုံး”
မင်လုချွမ်းက မထုံတက်သေးနှင့် ယိုဘူးကို ဆွဲယူကာ တစ်ဇွန်းကလော်လိုက်ပြီး ရှဝမ်နန်၏ပန်းကန်လုံးထဲသို့ ထည့်ပေးရင်း
“ယိုစားဦး”
ရှဝမ်နန် ယိုစားချင်စိတ်ရှိမနေ။ သူ့ပန်းကန်သူ မ,လိုက်ပြီး ယိုတစပင် မကျန်အောင် တူနှင့် ကလော်လိုက်ကာ မင်လုချွမ်း၏ပန်းကန်လုံးထဲသို့ ပြန်ထည့်ပေးလိုက်သည်-
“မစားတော့ဘူး ကျေးဇူးပဲ”
လောလောဆယ် သူတို့နှစ်ယောက်က နီးကပ်လွန်းနေသည်မို့ သူတို့ပြောသမျှကို ဘေးလူတွေအနေနှင့် တီးတိုးတီးတိုးပဲ ကြားရလိမ့်မည်။ ရှဝမ်နန် ယိုတွေကို သူ့ပန်းကန်ရော ကိုယ့်ပန်းကန်မှာပါ ပေသွားအောင် လုပ်နေသည်အား မင်လုချွမ်းက အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေပြီး-
“မင်း ဘာလုပ်မလို့လဲ”
မော့မကြည့်ဘဲ ရှဝမ်နန်က တိုးညင်းစွာရေရွတ်သည်-
“မင်စီယန်းကိုယ်ပေါ်မှာ လုဟွိုင်ယယ်ရဲ့ ဖယ်ရိုမုန်းတွေ ကျန်ခဲ့သလားလို့ အနံ့ခံကြည့်တာ”
“လုဟွိုင်ယယ်က ဧည့်သည်တည်းတဲ့အခန်းမှာပဲ အိပ်တာ”
ရှဝမ်နန် ခေါင်းမော့ကြည့်လိုက်ရာ မင်လုချွမ်း၏ မေးစေ့ကို သူ့နဖူးက ရှပ်တိုက်သွားခဲ့ကာ ထိုသူ့အား မျက်ဝန်းတည့်တည့်စိုက်ကြည့်မိသွားသည်။ သူ ’အာ’ခနဲ ရေရွတ်မိသွားပြီးမှ အနောက်ကို ပြန်ထိုင်ဖို့ ကြိုးစားလိုက်သည်။ ရုတ်တရက် မင်လုချွမ်းနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော မင်စီချန်းကို သူ သွားမြင်လေ၏။
YOU ARE READING
One-way Passage || ဘာသာပြန်
Romance[ Alpha×Beta ] * Cover photo credit to original artist. Start Date - 30.4.2024 End Date -