44

185 46 0
                                    

[Unicode]

ရှဝမ်နန် ယင်ဇယ်ကျင်းကို သဘောမကျရသည့်အကြောင်းရင်းက ရှင်းရှင်းလေး။ တက္ကသိုလ်ကျောင်းသားအရွယ် အယ်လ်ဖာတစ်ယောက်က လူချမ်းသာ တစ်ခုလပ် ကလေးသုံးယောက်အဖေ အိုမီဂါကို ဒီအတိုင်း တွဲနေတာ မဖြစ်နိုင်သောကြောင့်ပင်။ တခြားအကြံအစည်ရှိနေနိုင်သည်မလား။

ယင်ဇယ်ကျင်းက သူ့မိသားစုမှာ မပြည့်စုံဟု ရည်ညွှန်းဖူးသော်လည်း မင်ချင့်၏စည်းစိမ်ကို သုံးဖြုန်းရာမှာ ကောင်လေးက ချုပ်တည်းနေခြင်းမရှိ။ ဇိမ်ကျသော စံအိမ်၌ နေထိုင်ပြီး နာမည်ကြီး brand တွေကိုမှ ဝတ်သည်။ ဒီကောင်လေးက ရိုးရိုးအချစ်တော်မှ ဟုတ်ပါလေစ။

ရှဝမ်နန်သည်လည်း ဆင်းဆင်းရဲရဲကြီးပြင်းလာရသူဖြစ်ကာ သူ့အဘိုး သက်တောင့်သက်သာနေနိုင်အောင် သူ ဘယ်လို ငွေရှာရမလဲဆိုတာပဲ တွေးခဲ့ဖူးသည်။ လူချမ်းသာတစ်ယောက်ကို အမှီအခိုပြုပြီး ဘဝကို ဇိမ်ကျကျဖြတ်သန်းဖို့ တစ်ခါမှ မစဉ်းစားခဲ့ချေ။

မနက်က မင်ချင့်နှင့် ယင်ဇယ်ကျင်းတို့ အငြင်းအခုံဖြစ်ပုံကို ကြည့်ရသလောက် မင်ချင့်က ထိုကောင်လေး မင်ယန်မှာ အလုပ်သင်လာဆင်းမှာကို အထူးတလည်ကန့်ကွက်နေပုံရသော်လည်း သုံးလေးရက်ကြာပြီးနောက်မှာတော့...

အလုပ်သင် ID ကဒ်ကို လည်ပင်းမှာဆွဲထားသည့် ယင်ဇယ်ကျင်းအား ရှဝမ်နန် ကုမ္ပဏီ၌ တွေ့လိုက်ရသည်။

နေ့လယ်ပိုင်း၊ ကန်တင်း၌ဖြစ်သည်။

ရှဝမ်နန် Lab ခန်းမှ လုပ်ဖော်ကိုင်ဖက်များနှင့် အတူထိုင်နေချိန် ယင်ဇယ်ကျင်းက စားစရာဗန်းကို သယ်ပြီး သူတို့ဝိုင်းကို ရောက်လာကာ သူ့ဘေးမှာ ဝင်ထိုင်လေ၏။

ယင်ဇယ်ကျင်း ဝင်ထိုင်လိုက်သည်နှင့် စားပွဲတစ်ခုလုံး အသံတိတ်သွားလျက်။ လူတော်တော်များများက စပ်စုသလိုမျိုး ယင်ဇယ်ကျင်းကို ခိုးရှိုးနေကြပေမယ့် ကောင်လေးက နည်းနည်းမှ ဂရုမစိုက်ဘဲ ရှဝမ်နန်ကို နှုတ်ဆက်ကာ ပြုံးပြလေသည်။

ယင်ဇယ်ကျင်း၏လည်တိုင်မှ အလုပ်သင်အိုင်ဒီကတ်ကို ရှဝမ်နန် ဖျတ်ခနဲ ကြည့်လိုက်တော့ marketing ဌာနမှဖြစ်ကြောင်း တွေ့ရသည်။ သူ အေးအေးလူလူပဲ မေးလိုက်သည်။

One-way Passage || ဘာသာပြန်Tempat cerita menjadi hidup. Temukan sekarang