27

413 79 3
                                    

[Unicode]

မင်လုချွမ်း၏ရုံးခန်းမှ ထွက်လာသည့်နောက် ရှဝမ်နန် R&D department ကို ဦးတည်လိုက်သည်။

Lab ခန်းမှ ဝန်ထမ်းများက သူပြန်လာတာကို အားရဝမ်းသာဖြစ်နေကြကာ အနားမှာ ဝိုင်းအုံပြီး ခဏလောက် စကားပြောနေခဲ့ကြ၏။ အတိတ်မေ့သွားသည့်အကြောင်း ရှဝမ်နန်က မပြောပြဘဲ ဒဏ်ရာတွေကနေ အပြည့်အဝ မသက်သာသေး‌သည့်အကြောင်းပဲ ပြောပြပြီး တချို့မေးခွန်းတွေကို မဖြေဘဲ ကျော်ချလိုက်သည်။

အားလုံး ကိုယ့်နေရာကိုယ်ပြန်သွားကာ အလုပ်ဆက်လုပ်ကြသည့်နောက် ရှဝမ်နန် တစ်ယောက်တည်း Lab ခန်းထဲမှာ လှည့်ပတ်ကြည့်နေလိုက်၏။ Lab ခန်းထဲတွင် reagent နှင့် ကိရိယာမြောက်များစွာကို တွေ့ရပြီး ထိုပစ္စည်းများက ရှဝမ်နန် လက်ဆော့လို့ရကောင်းသည့်အရာများ ဟုတ်မနေ။ သူက ဇီဝဓာတုဗေဒကို အထူးပြုယူထားပေမယ့် သူ့မှတ်ဉာဏ်များက တက္ကသိုလ်ဒုတိယနှစ်မှာပဲ တန့်နေပြီး ထို Lab ခန်းသုံးပစ္စည်းတချို့ကို သူ သုံးတတ်သော်ငြား သူ မရင်းနှီးတာတွေလည်း အများကြီး။

Lab ခန်း၏နံရံတစ်ဖက်တွင် ရေမွှေးများကိုပဲ အပြည့်တင်ထားကာ သဘာဝရေမွှေးများဖြစ်ပြီး ရနံ့ကလည်း စစ်စစ်။ ရှဝမ်နန်က ရနံ့များကို အတော်လေး ထိရှလွယ်တာမို့ ထိုစင်ရှေ့မှာ မတ်တတ်ရပ်မိလိုက်သည်နှင့် တစ်ကမ္ဘာလုံးက ရှိရှိသမျှအနံ့တွေအကုန် သူ့အာရုံကို လာနှောင့်ယှက်နေသလိုပင် ခံစားလိုက်ရသည်။

Lab ၏ အတွင်းဆုံးအပိုင်းတွင်မူ ရှဝမ်နန်တစ်ဦးတည်းပိုင် အလုပ်ရုံကို မှန်ချပ်များဖြင့် ကာ၍ တသီးတသန့်ထားရှိသည်။ ရှဝမ်နန် တံခါးဖွင့်ပြီး အခန်းထဲ ဝင်မည်အပြု အမျိုးသမီးဘီတာ ဝန်ထမ်းလေးက သူ့ကို လှမ်းတားကာ ဖိနပ်လဲစီးဖို့၊ ခေါင်းစွပ်စွပ်ဖို့ ပြောလေ၏။

မတိုင်ခင် Lab ခန်းထဲ မဝင်ခင်ကတည်းက ရှဝမ်နန် ဝတ်စုံလဲပြီးဖြစ်ရာ အံ့အားသင့်သွားလျက်

“စည်းမျဉ်းတွေက အဲ့လောက်တောင် တင်းကျပ်တယ်လား”

အမျိုးသမီးဝန်ထမ်း၏ နာမည်က သုန့်လီချန်း။ သူမသည်လည်း Lab ခန်းသုံးကုတ်ကို ဝတ်ထားကာ ခေါင်းစွပ်စွပ်ထားလေသည်။ သူမ၏မျက်နှာအစိတ်အပိုင်းများက ပြေပြေပြစ်ပြစ်၊ ချောချောမောမော။

One-way Passage || ဘာသာပြန်Where stories live. Discover now