အပိုင်း (၁၉)
"သူ့ရဲ့အပြုံးဟာ ရင်ခုန်သည်... တစ်သက်လုံးဒီအတိုင်းဖြစ်ချင်သည်... အကြင်နာချစ်စကား ပြောခွင့်ပေးပါအတည်... အသဲမှာလည်း စိုးရိမ်သည်... သူများဦးမှာတွေးကြောက်သည်... အခုတော့သိပြီ... သူ့ကိုကိုယ်ချစ်သည်"
ထီရောင်းသည့်လက်တွန်းလှည်းမှ ဖွင့်သွားသော သီချင်းသံမှာ ရပ်ကွက်တစ်ခုလုံးကို လေညှင်းမှတဆင့် သယ်ဆောင်ကာ ပျံ့နှံ့လာသည်။ စိုင်းရဲဝင်းမောင် အသစ်စိုက်ထားသည့် စံပယ်ပန်းပင်ကို မြေဆွပေးရင်းကနေ နှုတ်ဖျားဆီမှ မသိမသာလိုက်ညည်းမိတော့ ကိုယ့်ဘာသာ ရှက်ကိုးရှက်ကန်းဖြစ်ကာ ရီလိုက်မိသည်။ သီချင်းသံက သူ့အသံလုံးကြီးကြီးဖြင့် လိုက်မှမလိုက်ဘဲကိုး။
တစ်ဆက်တည်းမှာပဲ ဒီလိုသီချင်းအေးအေးလေးတွေကို အမြဲဆိုညည်းလေ့ရှိသည့် တစ်ယောက်သောသူကို သတိရသွားပြန်၏။ သော်ဝေမောင်မှာ မရှိတာမရှိ... ရုပ်ရည်လား၊ ပညာအရည်အချင်းလား၊ အရမ်းမချမ်းသာသော်လည်း ပြည့်ပြည့်စုံစုံထားနိုင်တဲ့ မိဘနှစ်ပါးနဲ့ ချိုသော...ကြည်သော...အေးမြသော အသံ။ ထိုအသံဖြင့် စိတ်လိုလက်ရတိုင်း သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ကို ထိုင်ဆိုနေတတ်သေးသည့် ကောင်လေး။
"ဆေးမမှီတော့ဘူးထင်တယ်။ ကောင်လေးတစ်ယောက်တော့ မြေကြီးဆွရင်း ပြုံးနေပါတယ်။"
စိုင်းရဲဝင်းမောင် အသံကြားရာဆီ လှမ်းကြည့်လိုကတော့ ခြံတံခါးပေါက်ကိုမှီကာ လက်ကြီးပိုက်ပြီး ကျွန်တော့်ကိုကြည့်နေသည့်သော်ဝေမောင်။ သူ့အကြောင်းတွေးနေတုန်း၊ သူ့ကိုသတိရနေတုန်း မျက်စိရှေ့ရောက်လာတာမို့ ပျော်သွားသော်လည်း သော်ဝေမောင်၏ သာမာန်ထက် ပိုသန့်နေသော ပုံစံကြောင့် စိုင်းမောင် မျက်မှောင်ကျုံ့လိုက်မိပြန်သည်။
"ဘာတွေရှိုးထုတ်လာတာလဲ။ ဘယ်သွားမလို့လဲ။"
"မင်းဆီလာလည်တာလေ။"
"ငါ့ဆီလာရင် ဆံပင်ဂျယ်လ်မလိမ်းပါဘူး။ ပြီးတော့ ဂျေဂျေဘောင်းဘီအစုတ်နဲ့လာတာလေ။ အမှန်တိုင်းပြော။"
သော်ဝေမောင်က နည်းနည်းအိုဗာဖြစ်သွားလားဟု မေးပြီးနောက် ဂျယ်လ်တွေခြောက်ပြီး မာနေသည့် သူ့ရဲ့ဆံပင်ကို လက်ညှိုးနှင့်ထိုးကြည့်နေပါသည်။ စိုင်းရဲဝင်းမောင် မြေစွခက်ရင်းကို ပြန်သိမ်းလိုက်ပြီးနောက် အပင်အားဆေးထည့်ကာ ရေလောင်းပြီးလက်စသတ်လိုက်ပါ၏။ ကျွန်တော် အိမ်ထဲဝင်တော့ နောက်ကနေ တကောက်ကောက်လိုက်ဝင်လာသည့် သော်ဝေမောင်ရယ်ပါ။
YOU ARE READING
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018