အပိုင်း (၈)
"အိမ်နံပါတ် ၁၂၆ ဒီအိမ်ပဲထင်တယ်။"
သော်ဝေမောင် မျက်စိရှေ့က ခန့်ညားလှသော သံပန်းတံခါးကြီးနှင့် ဆက်လျက် အုတ်နံရံတွင် ကြေးပြားဖြင့်လုပ်ထားသည့် အိမ်နံပါတ်ကို တစ်ချက်ကြည့်လိုက်၊ လက်ထဲကစာရွက်ကို တစ်ချက်ကြည့်လိုက်ဖြင့် လုပ်နေမိသည်။
"ဟုတ်ပါတယ်။ ဒီလမ်းလည်း မှန်ပါတယ်။ လွင်မိုးဦး သေချာပြောခဲ့တာပါ။"
နောက်ထပ် တိုက်စစ်စရာ တခြားအချက်အလက်လည်း မရှိတော့သဖြင့် ကျွန်တော် အိမ်နံပါတ်မှတ်လာတဲ့စာရွက်ကို ဘောင်းဘီအိတ်ထဲထိုးထည့်လိုက်ပြီး ပါလာတဲ့ စီးတော်ယာဉ်စက်ဘီးကို ခြံတံခါးနှင့်နီးအောင် တွန်းသွားလိုက်၏။ အတွင်းထဲကို လှမ်းကြည့်လိုက်တော့လည်း အနီးအနားမှာ လူမပြောနဲ့။ လူနဲ့တူတဲ့အရိပ်တောင် မရှိပါဘူး။ တစ်စုံတစ်ယောက်ကို အော်ခေါ်ရန်ကြံလိုက်သော်လည်း အိမ်ကြီးက ဟိုးအနောက်ထဲမှာမို့ ခြံရှေ့က ကျွန်တော် ဘယ်လောက်ကျယ်ကျယ်အော်နိုင်မှာလဲ။
“အိမ်ရှင်တို့…အဟမ်း လူရှိလားဗျ”
ကျွန်တော့်အသံက ကလေးချော့သိပ်နေသလောက်သာ ထွက်လာခဲ့ပြီး ခြံထဲမှ တုန့်ပြန်သံကတော့ တိတ်ဆိတ်လျက်။ လမ်းမကြီးပေါ်မှ ဖြတ်သွားဖြတ်လာတွေပင် ကျွန်တော့်ကို ကြည့်နေကြတာမို့ ကျွန်တော် လှည့်ပဲပြန်လိုက်ရတော့မလား တွေဝေသွားမိသည်။ မင်းမူးသီဟအိမ်က ဒီလောက်ထိကြီးလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့သလို ခြံရှေ့ကနေ အိမ်မကြီးဆီရောက်ဖို့အထိ ကုန်းအော်ရအောင်ကလည်း ကျွန်တော်က ဧည့်စာရင်းလာကောက်တဲ့လူမှ မဟုတ်တာ။
သော်ဝေမောင် စက်ဘီးလက်ကိုင်ကို ထိန်းထားရင်း အတွေးလွန်နေမိသည်မှာ ငါးမိနစ်လောက်ပင်ကြာသွားသည်။ နောက်ဆုံးတော့ လှည့်ပြန်မည့်ဆုံးဖြတ်ချက်နှင့်အတူ စက်ဘီးကိုလည်း လမ်းမဘက်ဆီသို့ ကွေ့ပြီးခါမှ သံပန်းတံခါးဟာပွင့်လာ၏။ လာဖွင့်ပေးသည့်လူလည်း မတွေ့ရပါဘဲ သူ့အလိုလိုပွင့်သွားသည့် သံပန်းတံခါးကို သော်ဝေမောင် ငေးကြည့်နေမိသည်။ တံခါးနောက်ကွယ်မှာ လူရှိနေမလားဟု ကျွန်တော် သေချာလိုက်ကြည့်နေသည့်တိုင် ဘယ်သူမှမရှိတာသေချာပါသည်။
أنت تقرأ
ငယ်ချစ်
عاطفيةချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018