အပိုင်း (၂)

6.8K 620 2
                                    

အပိုင်း (၂)

"သော်ဝေမောင်၊ သော်သော် ဟေ့ကောင် စောင့်ဦး။"

သူငယ်ချင်းဖြစ်သူ စိုင်းရဲဝင်းမောင်၏အော်ခေါ်သံကြောင့် အတန်းထဲဝင်ခါနီး ကျွန်တော့်ခြေလှမ်းတွေ ရပ်တန့်သွားသည်။ ကျောင်းထိပ်မှ ပြေးလာရသဖြင့် ကျောပိုးအိတ်ကြိုးတစ်ဖက်ဟာ အောက်သို့လျှောကျနေပြီး လက်တစ်ဖက်မှာလည်း ထမင်းချိုင့်ကိုဆွဲထားရသည့် စိုင်းရဲဝင်းမောင်၏ပုံစံက နည်းနည်းလေးတော့ ဖရိုဖရဲဆန်နေသည်။

"အော်လိုက်ရတာကွာ မင်းကလည်း"

သော်ဝေမောင် သူ့လက်ထဲမှ ထမင်းချိုင့်ကို ကူသယ်ပေးလိုက်သည့်အခါ စိုင်းရဲဝင်းမောင်က ကျေးဇူးပဲဟုပြောလာသည်။ ကျွတ်ခါနီးကျောပိုးအိတ်ကို ပြင်လွယ်လိုက်ပြီးနောက် ပုဆိုးကိုလည်း ပြင်ဝတ်လိုက်ပြီးတော့မှ ကျွန်တော့်လက်ထဲက သူ့ချိုင့်ကိုပြန်ယူပါ၏။

"ဘာလို့ အလောတကြီးပြေးလာတာလဲ။ အတန်းထဲလည်း တွေ့ရမှာပဲကို။"

"မင်းနဲ့အတူတူ သွားချင်လို့ပေါ့။ ကျောင်းပထမဆုံးဖွင့်တဲ့ရက်မှာ ဘာလို့ငါ့ကိုမစောင့်ဘဲ သွားတာလဲ။"

"ဖေဖေက ငါ့ကိုတစ်ခါတည်းဝင်ပို့မယ်ဆိုတာနဲ့ မစောင့်တော့တာ။ မင်းစက်ဘီးနဲ့လိုက်ခဲ့တာလား။"

"ဟုတ်တယ်။ နောက်ရက်ကျ ငါဝင်ကြိုမယ်လေ။ ငါ့ကိုစောင့်နေ။"

"မလိုပါဘူး။ မေမေကလည်း ငါ့ကိုစက်ဘီးဝယ်ပေးမယ်ပြောထားတယ်။"

"အဲတာဆိုလည်း အတူတူသွားမယ်လေ။ သော်သော် မင်းက ဘာဖြစ်တာလဲ။"

"မင်းက ဘယ်သွားသွား အမြဲနောက်ကျလို့လေ။"

စိုင်းရဲဝင်းမောင်က ကျွန်တော်ပြောတာကို သဘောကျစွာဖြင့်ရီနေပြန်ပါသည်။ ထို့နောက် သူ့ရဲ့လွတ်နေသည့်လက်တစ်ဖက်ဖြင့် ကျွန်တော့်ပုခုံးကို လာဖက်သည်။

"ငါ‌ ပိတ်ရက်မှာနောက်ကျတာ မေမေ့ကိုဈေးရောင်းကူနေရလို့လေ။ ကျောင်းဖွင့်ပြီဆိုရင် စောစောလာခေါ်မှာပေါ့ သော်သော်ကလည်း။ နောက်ရက်ကစပြီး ငါ့စက်ဘီးနဲ့ပဲလိုက်။"

ရှမ်းတစ်ယောက်၏ဖြူပေမဲ့ နီကျင်ကျင်အသားအရောင်သည် မောဟိုက်သည့်အခါ ပို၍ရဲလာသည်။ ခပ်မှေးမှေးမျက်လုံးတွေဟာ ကျွန်တော့်အလိုကို အမြဲတမ်းလိုက်ပါမည်ဟု ကတိတွေပေးနေသယောင်ပါပဲ။ တစ်ခွန်းဆို တစ်ခွန်းနဲ့တင် အရာရာဟာ ကျွန်တော့်စိတ်တိုင်းကျစေအောင် စိုင်းမောင်က ဖြည့်စည်းပေးတယ်မဟုတ်လား။ ငယ်သူငယ်ချင်းလည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်၊ ကျောင်းဖွင့်သည်ဖြစ်စေ၊ ပိတ်ရက်ရသည်ဖြစ်စေ အတူသွားအတူဆော့နေကြ တစ်ယောက်တည်းသော ကျွန်တော့်အဖော်၊ ကျွန်တော့်သူငယ်ချင်းမှာ စိုင်းရဲဝင်းမောင်အပြင်မရှိပေ။

ငယ်ချစ်Tempat cerita menjadi hidup. Temukan sekarang