အပိုင်း (၄)

5.5K 560 15
                                    

အပိုင်း (၄)

နေ့ခင်းက အဖြူရောင်တိမ်တိုက်တွေသည် ညနေရောက်သည်နှင့် သူ့ထက်ငါအပြိုင် အရောင်အသွေးစုံလင်စွာ တောက်ပနေကြသည်မှာ ကောင်းကင်တစ်ခွင်လုံး ဆေးမှောက်ထားသည့် ပန်းချီကားချပ်သဖွယ်။ ရှေးလူကြီးတွေဟာ တိမ်တောက်ချိန်လို့ခေါ်တဲ့နေဝင်ချိန်မှာ ရုပ်ဆိုးအကျည်းတန်သူတွေပင် လှသည်ဟုဆိုခဲ့တာ အလကားတော့မဟုတ်။ ငှက်ကလေးတွေ အိပ်တန်းတက်သည်ကတောင် စာဖွဲ့ချင်လောက်အောင် လှနေပါသည်။

ဧရာဝတီမြစ်ကမ်းနံဘေးမှာ ညနေဘက်လာထိုင်ရသည့် အရသာသည် ဘာနဲ့မှမလဲနိုင်။ အနောက်ဘက်ထဲဝင်သွားသည့် နေလုံးကြီးအား မြစ်တာရိုးနှုတ်ခမ်းမှ ထိုင်ကြည့်ရင်း မန်းကျည်ဖျော်ရည်သောက်ရသည်က ကျွန်တော်အကြိုက်ဆုံး တစ်နေ့တာ၏ အဆုံးသတ်ဖြစ်သည်။ ကျွန်တော်က ဒီနေရာကို တစ်ယောက်တည်းလည်း လာလေ့ရှိပါသည်။ စိုင်းရဲဝင်းမောင်အားသည့်အခါ သူနဲ့လည်း လာလေ့ရှိပါသည်။

နွေရာသီဆိုရင် မြစ်ကမ်းတစ်လျှောက်မှာ လက်ပံပင်ကြီးတွေဟာ နီရဲနေအောင်ပွင့်ပြီး လက်ပံကြွေချိန်လည်း မြေပြင်တစ်ခုလုံး ရဲရဲတောက်နီနေတတ်သည်။ ထိုအခါကျလည်း စိုင်းမောင်နဲ့အတူ လက်ပံခြောက်တွေ လာကောက်နေကြပင်ဖြစ်သည်။ အသေအချာ စဉ်းစားကြည့်တော့ ကျွန်တော့်ဘဝနှင့်စိုင်းရဲဝင်းမောင်သည် ဘယ်တုန်းကမှ ခွဲခြား၍မရခဲ့ပါ။ ကျွန်တော်ဘယ်နေရာတွေ သွားတတ်သလဲ။ ကျွန်တော်ဘာတွေ ကြိုက်တတ်သလဲ။ ကျွန်တော်ဘာတွေလုပ်နေလဲ ဆိုတာကို အစအဆုံးသိနေသော တစ်ယောက်တည်းသူက စိုင်းရဲဝင်းမောင်သာရှိသည်။ အခုလည်း ကျွန်တော့်နှင့်အတူ ကျွန်တော့်ရှေ့မှာထိုင်ပြီး ဟိုးဝေးဝေးက အပွင့်မရှိသေးသည့် လက်ပံပင်တွေဆီကို ငေးမောနေပြန်၏။

ဘာလို့လဲမသိပါဘူး။ မြစ်ကိုဖြတ်လာတဲ့လေတွေ တဟူးဟူးတိုက်ပြီး လူကိုကျီစားနေလို့လား။ မိုးရာသီမှာ မိုးမရွာတာကြာ၍ ကျွန်တော်ပါမဆီမဆိုင် စိတ်မနှံ့တော့တာလား။ မေမေပြောသလို လူပျိုဖော်ဝင်လာတာလား။ ကျွန်တော်လေ ရင်တွေခုန်တတ်လာသည်။ နေဝင်ဆည်းဆာတွေကို တမေ့တမောငေးကြည့်တတ်သည့် ကျွန်တော်က အခုတော့ ထိုအရာတွေထက် ပိုလှသည့်အရာကို ရှာတွေ့ထားပြန်သည်။ တခြားတော့မဟုတ်ပါဘူး။ သူပါပဲ။ ကျွန်တော့်ရဲ့တစ်ဦးတည်းသော သူငယ်ချင်းပါပဲ။

ငယ်ချစ်Where stories live. Discover now