အပိုင်း (၁၆)
စိုင်းရဲဝင်းမောင် မဟာမြတ်မုနိဘုရားကြီးမှ သန့်ရှင်းရေးလုပ်ပြီးအပြန် တာဝန်ကျ ဂေါပကလူကြီးသည် သူ့အား စံပယ်ပန်းတစ်ထွေးကြီးကို ဘုရားလှူရန်ပေးလိုက်သဖြင့် ရေစွတ်ထားသော ကျွတ်ကျွတ်အိတ်ထဲ ထည့်ယူလာခဲ့ပါသည်။ တစ်ခါတစ်ရံမှာ နှင်းဆီပန်းရဲ့ ရဲရင့်မှုမျိုးကို သူအားကျမိပေမယ့် သူတကယ်မြတ်နိုးတာက စံပယ်ပန်းရဲ့ ဖြူစင်စွာပေးဆပ်ခြင်းပင်။
နေမင်းကြီးကတော့ မျက်စိရှေ့မှာတင် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေသော်လည်း ကမ္ဘာကြီးရဲ့ တစ်နေရာမှာတော့ သူ လင်းလက်နေပါလိမ့်မည်။ လောကကြီးတစ်ခုလုံးကို အလင်းပေးဖို့ နေမင်းဟာ ကိုယ်တိုင် အလောင်ကျွမ်းခံရင်း ပေးဆပ်သည်။ သစ်ပင်တွေ၊ ပန်းမာန်တွေ၊ သဘာဝတရားကြီးမှာတည်ရှိနေသည့် အရာအားလုံးဟာလည်း ပေးဆပ်ရင်းပဲသေဆုံးသွားရင်း လောကကြီးကို အကျိုးပြုနေကြ၏။
ထိုသို့ ပေးဆပ်ခြင်းအကြောင်း ပြောရင်တော့ ကျွန်တော်တို့ရဲ့ ဂေါတမမြတ်စွာဘုရားရှင်က အမြင့်မြတ်ဆုံးသောနှင့် ကြည်ညိုလေးစားဖွယ် အကောင်းဆုံးသော ပေးဆပ်သူ မဟုတ်လား။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ကာ သတ္တဝါအပေါင်းအတွက် ပေးဆပ်အနစ်နာခံခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် လေးစားအပ်တဲ့ အနုပညာတစ်ရပ်ထဲ ပေးဆပ်ခြင်းအနုပညာကို ထည့်သွင်း၍ ထိုအရာနှင့် အထဲတဝင်ဖြစ်အောင် ကျွန်တော်တို့တတွေ သင်ယူသင့်ပါသည်။
စိုင်းရဲဝင်းမောင် ရပ်ကွက်ထဲ ရောက်လာပြီဖြစ်၍ စက်ဘီးကို အရှိန်လျော့ကာ ဖြေးဖြေးချင်းစီးနှင်းလိုက်သည်။ နေအတော်ဝင်နေပြီဖြစ်ပေမယ့် လမ်းပေါ်ထွက်ဆော့ကြဆဲ ကလေးတွေ ရှိနေသေးသည်ကတစ်ကြောင်း၊ လမ်းမီးမဖွင့်ထားသေးသည်က တစ်ကြောင်းကြောင့် စက်ဘီးဘဲလ်ကိုသာ တသွင်သွင်တီး၍ လာခဲ့ရ၏။
စိုင်းရဲဝင်းမောင် ခြံသော့ကိုဖွင့်လိုက်ပြီး တံခါးကို အသာတွန်းဖွင့်လိုက်ကာ အိမ်ထဲ ဝင်လိုက်ပြီးနောက် မေမေရဲ့သစ်ခွတန်းအောက် နေရာလွတ်မှာပဲ စက်ဘီးကို ရပ်ထားလိုက်ပါသည်။ ထို့နောက် စက်ဘီးရှေ့ခြင်းထဲက စံပယ်ပန်းထုပ်ကိုယူပြီး ဘုရားမှာ ဆီမီးနှင့်ပန်းကို တစ်ခါတည်းကပ်လှူပူဇော်လိုက်သည်။
STAI LEGGENDO
ငယ်ချစ်
Storie d'amoreချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018