အပိုင်း (၆)
စိုင်းရဲဝင်းမောင်လည်း အခန်းထဲမှထွက်သွားရော ကျွန်တော်နဲ့စကားပြောနေရင်း ကျွန်တော့်မျက်စိရှေ့၌ပင် မျက်နှာကြီးရှုံတွကာ သိသိသာသာစူပုတ်သွားသည့် သော်ဝေမောင်။ တခြားဘယ်သူမှ သတိမထားမိနိုင်ပေမဲ့ ကျွန်တော်ဆိုတာက သော်ဝေမောင်ကို တစ်နေ့တစ်ရက်မပျက်ရအောင် အမြဲတစိမ့်စိမ့်စောင့်ကြည့်နေခဲ့သူမို့ ချက်ချင်းသတိထားမိပါ၏။
"သော်"
"ဟမ်"
ဒီအမူအယာလေးကတော့ သော် ပျော်သွားသည်။ ဒီအမူအယာလေးကတော့ သော် စိတ်ရှုပ်သွားသည်။ ဒီအမူအယာလေးကတော့ သော် တွေဝေသွားသည်။ ထိုကဲ့သို့ မျက်နှာလက္ခဏာကို အသေးစိတ်ဖတ်နိုင်သည်အထိ ကျွမ်းကျင်နေသည်မှာ ဆန်းတော့လည်း မဆန်းပေ။
"ငါဘယ်သူလဲ မှတ်မိသေးလား။"
"အေး မေ့သွားပြီ မင်းဘယ်သူလဲ။ လခွမ်းလိုမှပဲ မင်းမင်းရာ ဘာတွေမေးနေတာလဲ။"
မင်းမင်း ခေါ် မင်းမူးသီဟက သော်ဝေမောင်ရဲ့ဆဲသံကြောင့် တစ်ချက်မျှသာ မဲ့ပြုံးကလေး ပြုံးလိုက်၏။
"ပြောစမ်းပါဦး မင်းစိတ်နဲ့လူ မကပ်ရတဲ့အကြောင်းလေး။"
"ဟာ့ ငါဘယ်မှာစိတ်နဲ့လူ မကပ်လို့လဲ။ အကောင်းကြီးပဲ။"
ပြောရင်းဆိုရင်း သော်ဝေမောင်က ပုဆိုးကိုထပြင်ဝတ်ကာ ကျွန်တော့်မျက်နှာကို တည့်တည့်ကြည့်ရင်း ပြန်ထိုင်လိုက်သည်။ ကျွန်တော်လေ သော် ကျွန်တော့်ကို လာလိမ်နေတာကို မကြိုက်ပါဘူး။ ကျွန်တော်က သော့်ကိုဝေဖန်မည့်သူမှ မဟုတ်တာ။ ဝေဖန်နိုင်တဲ့အဆင့်မှာတောင် ကျွန်တော်မရှိပါဘူး။
"မင်း စိုင်းရဲဝင်းမောင်ကို ကြိုက်နေတာလား။"
ကျွန်တော့်စိတ်ထဲ တနုံ့နုံ့ဖြင့်ခံစားနေမိသည့် ထိုမေးခွန်းသည် နားထောင်ကောင်းချင်မှလည်း ကောင်းလိမ့်မည်။ ကြားသူနားထဲ အဝင်ချောချင်မှလည်း ချောလိမ့်မည်။ ကျွန်တော်ကိုယ်တိုင်တောင် အစပျိုးထားခြင်းမရှိ၊ နှုတ်တိုက်ထားခြင်း မရှိဘဲ စိတ်မထိန်းနိုင်တာကြောင့်သာ လွှတ်ခနဲထွက်သွားခဲ့ခြင်းမို့ ရလဒ်ကောင်းရဖို့လည်း သိပ်ပြီးမမျှော်လင့်ပါဘူး။
YOU ARE READING
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018