အပိုင်း (၁၂)

4.5K 406 19
                                    

အပိုင်း (၁၂)

စိုင်းရဲဝင်းမောင် အတန်းပိုင်ဆရာမနားနေခန်းမှာ စာစီစာကုံးပြိုင်မည့်လူစာရင်း သွားပေးပြီးပြန်လာသည့်တိုင် သော်ဝေမောင်က အခန်းထဲပြန်မရောက်သေးပေ။ မနက်ခင်းတစ်လျှောက်လုံးလည်း အတန်းမကပ်ဘဲ လျှောက်သွားနေသည့် သော်သော့်ကို ကျွန်တော် အစကတော့ လိုက်ရှာပြီး ခေါ်အုံးမလို့ပါပဲ။ သေချာတွေးကြည့်တော့ ဒီနေ့ အေခန်းကကောင်မလေးကို ဖွင့်ပြောမယ်ဆိုပြီး ပြောထားတာမို့ သော်ဝေမောင် ဘယ်မှာရှိနေလိမ့်မလဲ သိနေတာတောင် စိုင်းရဲဝင်းမောင် သွားမရှာချင်တော့ပေ။

ပထမဆုံးအကြိမ် ကျောင်းတက်ခေါင်းလောင်းထိုးတော့လည်း သော်သော်က အတန်းထဲပြန်မရောက်လာခဲ့။ ဒီလိုနဲ့ ဒုတိယအကြိမ်ခေါင်းလောင်းသံ မြည်လာသည်အထိ ကျွန်တော်စောင့်နေပါသေးသည်။ သခင်လေးက အတန်းရှေ့အရိပ်ကလေးပင် ပေါ်မလာ။ စိုင်းရဲဝင်းမောင် ဘောပင်အဖုံးကို တတိတိကိုက်ထားပြီး သူ့ခြေထောက်တွေက ဂဏာမငြိမ်ဖြစ်လာမိသည်။ သော်သော်က အတန်းလစ်ရလောက်အောင်အထိ မဆိုးဘူးလို့တော့ ကျွန်တော်ထင်တာပဲ။ အခုတော့ ကျွန်တော့်အထင်က ဟုတ်ရောဟုတ်ပါသေးရဲ့လား။

နောက်ဆုံးအကြိမ် ခေါင်းလောင်းထိုးရင်တော့ စိုင်းရဲဝင်းမောင် အေခန်းကိုပြေးပြီး မဖြစ်မနေသွားခေါ်မယ်ဟု တွေးလိုက်သော်လည်း ထိုနောက်ဆုံးအကြိမ်‌ ခေါင်းလောင်းမမြည်ခင်မှာပဲ သင်္ချာဆရာမက သူတို့အတန်းထဲသို့ ရောက်လာခဲ့ပါသည်။ ကျွန်တော့်ရဲ့ အတန်းအပြင်ဘက်သို့ ဦးတည်နေသည့် ခြေလှမ်းတွေကလည်း အဝ,မှာတင် ဆရာမနဲ့တည့်တည့်တိုးသဖြင့် နောက်ပြန်ဆုတ်လိုက်ရသည်။ ပုံမှန်ဆိုရင် ကျွန်တော် ဆရာမကို အကြောင်းပြချက်ကောင်းကောင်းပေးပြီး အတန်းထဲက ထွက်ခဲ့လို့ရပါတယ်။ ဒါပေမဲ့ အခုတော့ အကျင့်မကောင်းဘူးပဲပြောပြော သော်ဝေမောင်ကို အပြစ်ပေးချင်စိတ်ဖြင့် ကျွန်တော် ကိုယ့်နေရာ၌သာ ပြန်ထိုင်လိုက်တော့သည်။

အတန်းတက်စာရင်းကို ဆရာမကောက်ခိုင်းတော့ စိုင်းရဲဝင်းမောင် သော်ဝေမောင့်နေရာမှာ မရှိဟုရေးလိုက်ပြီး ကိုယ့်အတွေးနဲ့ကိုယ် မဲ့ပြုံးပြုံးလိုက်မိသည်။ သို့သော် အတန်းထဲမှာ နောက်ထပ် မရှိစာရင်းဝင်သွားသည့် မင်းမူးသီဟကိုတော့ သူ သတိထားမိပုံမရပါဘူး။ စိုင်းရဲဝင်းမောင် စာသင်ချိန်တစ်ချိန် ပြီးသွားသည်နှင့် မနေနိုင်တော့ဘဲ အေခန်းရှိရာကို အမြန်ကူးသွားလိုက်သည်။ သော်သော့်ဆီလာနေကျ ကောင်းထက်တို့အဖွဲ့က အတန်းထဲမှာ စကားဖောင်ဖွဲ့နေကြပြီး ကျွန်တော်လာနေသည်ကို အာရုံမရောက်။ ကျွန်တော် အတန်းတစ်ခုလုံးကို ခြုံကြည့်လိုက်တော့လည်း သော်သော့်ကိုမတွေ့။ ကဗျာယဉ်ဆိုသည့် ကလေးမလေးတော့ သူ့နေရာမှာသူရှိနေပါ၏။ စိုင်းရဲဝင်းမောင် ကောင်းထက်ရှိရာ အနောက်တန်းထဲထိ သွားလိုက်သည်။

ငယ်ချစ်Donde viven las historias. Descúbrelo ahora