အပိုင်း (၁)
မိုးဦးလေး တဖွဲဖွဲကျပြီးနောက် ကောင်းကင်ဟာ ကြည်စင်၍ငြိမ်သက်နေသည်။ ခြံထဲက မြေကြီးတွေမှာ ရေဖြန်းထားသလို စိုစိုသိပ်သိပ်ကလေးဖြစ်နေသည်မှာ အအေးဓာတ်ကလေးဖျော့ဖျော့ကိုပင် ခံစားနေရသည်။ ဒီနေ့မနက်ခင်းစောစောမှာပဲ မေမေက ကျွန်တော့်ကို အစောကြီးနှိုးကာ မျက်နှာသစ်ခိုင်း၏။ ထို့နောက် အပေါ်ယံ ထမင်းသားလေးများပင် ခြောက်အောင် ကြော်ထားသည့် မနက်စာပဲပြုတ်ထမင်းကြော်ကို မြန်မြန်သွက်သွက်စားဖို့ အိမ်အပေါ်ထပ်မှ လှမ်းအော်သည်။ အိမ်ပေါ် ကြမ်းခင်းမျက်နှာပြင်အထက်မှ တဒုန်းဒုန်းထွက်နေသည့်အသံကို နားထောင်ရင်း သော်ဝေမောင် ခြေထောက်နှစ်ဖက်ကို လွှဲယမ်း၍ မနက်စာ စားနေမိသည်။
"စားပြီးရင် ပန်းကန်ကို ဘေစင်ထဲရေစိမ်ထားခဲ့နော်။ အပေါ်မှာ သနပ်ခါးလာလိမ်း။"
သော်ဝေမောင် မေမေပြောသည့်အတိုင်း ပန်းကန်ကိုဘေစင်ထဲထည့်ပြီးနောက် ရေပိုက်ခေါင်းကိုအနည်းငယ်လှည့်ဖွင့်၍ ရေစိမ်ထားခဲ့လိုက်၏။ ကျွန်တော် အိမ်အပေါ်ထပ်ကို ပြေးတက်တော့ ခြံထဲကကွစ်ပြစ်မှာထိုင်နေသည့် ဖေဖေမှ မြန်မြန်လုပ်ဖို့ လှမ်းအော်ပြန်ပါသေးသည်။ သော်ဝေမောင် ပထမဆုံးကျောင်းတက်ရမည့်နေ့မို့ တစ်အိမ်လုံးက သော်ဝေမောင့်ကိုဝိုင်း၍ လောနေကြခြင်းဖြစ်သည်။
အပေါ်ထပ် ဘုရားစင်ဘေးက ကြမ်းခင်းပေါ်မှာ ကျောက်ပြင်တစ်ခုလုံး အပြည့်သွေးထားသည့် သနပ်ခါးတွေကို အရင်ဦးဆုံးမြင်လိုက်ပြီးနောက် မေမေက သူ့ဘေးနားကိုလာထိုင်ဖို့ သင်ဖြူဖျာလေးကိုပုတ်ပြ၏။ ကျွန်တော် ခြေတင်ပလ္လင်ချိတ်လျက်သားပဲ ဝင်ထိုင်ပြီးနောက် မေမေရှိရာဆီ မျက်နှာကလေး ထိုးပေးလိုက်သည်။
မေမေက မြန်မာပြည်အလယ်ပိုင်းမှ အနောက်တိုင်းမြို့တော် မုံရွာသူဖြစ်သည့်အလျောက် သနပ်ခါးအလွန်ကြိုက်သည်။ မိုးလင်းပြီဆိုကတည်းက မျက်နှာမှာ သနပ်ခါးကပ်နေမှ ကျက်သရေရှိသည်ဟု ယူဆသည်။ ကျွန်တော့်ကိုလည်း အမြဲတမ်းသနပ်ခါး ခေါင်းအစခြေအဆုံးအထိ လိမ်းပေးတတ်သည်။ သမီးလေးမွေးရင်တော့ ပါးကွက်ကလေးတွေ ကွက်ပေးမှာတဲ့။ သားကလေးမို့ ဖိုးလမင်းနဲ့ ယုန်ကလေးတွေ မျက်နှာပေါ်မှာ သားအဖော်ရအောင် ခေါ်ဆော့ခိုင်းထားသည်ဆိုပဲ။
ESTÁS LEYENDO
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018