အပိုင်း (၁၈)
အခန်းစောင့် ဆရာမနှစ်ယောက်မှာ စာမေးပွဲစောင့်ဆရာမတွေအတွက် မုန့်လာပို့သွားသည်ကို စားရင်း၊ ကော်ဖီလေးသောက်ရင်း တစ်ယောက်နှင့်တစ်ယောက် အခုမှတွေ့ကြဆုံကြသလိုမျိုး တံခါးပေါက်နားရပ်ကာ ဘာအကြောင်းတွေကို ပြောနေသည်မသိ။ အရင်ဘာသာတွေတုန်းက ခေါင်းပင်စောင်းမရအောင် ကျပ်ခဲ့သည်နှင့်အမျှ နောက်ဆုံးဘာသာမို့ တမင်ချောင်ထားပေးသလား မသိအောင် လွတ်လပ်ရေးရနေပြန်သည်။ တစ်ချက်တစ်ချက်တော့ ဆရာမက ဟိတ်ခနဲလှမ်းဟန့်သော်လည်း လူကတော့နေရာမှပင် ရွေ့မလာသဖြင့် ကျောင်းသားတွေကလည်း ဟိုလှည့်ဒီလှည့်ဖြင့် ရွစိထိုးနေကြသည်။
သော်ဝေမောင် ခေါင်းအနည်းစောင်း၍ အနောက်တန်းမှာထိုင်ရသည့် မင်းမူးသီဟကို လှမ်းကြည့်လိုက်ပါ၏။ တမင်တကာ အချိန်းအချက်လုပ်ထားရင်တောင် လွဲအုံးမယ်။ အခုတော့ တိုက်တိုက်ဆိုင်ဆိုင် မင်းမူးသီဟကလည်း သူ့ကိုကြည့်နေတာနှင့် တန်းတန်းတိုးပါသည်။
"ဖြေနိုင်လား။"
ကျွန်တော် နှုတ်ခမ်းလေးလှုပ်ရုံမေးလိုက်တော့ မင်းမင်းက မျက်စိတစ်ဖက် လှမ်းမှိတ်ပြပါ၏။ ကျွန်တော် လက်ထဲက ဘောပင်နှင့်လှမ်းရွယ်လိုက်သည်။
"ဘယ်လိုကောင်မှန်းမသိဘူး။"
ထို့နောက် သော်ဝေမောင် သူ့ရှေ့မှာ ကုပ်ကုပ်,ကုပ်ကုပ်နှင့် စာတွေကုန်းရေးနေသည့် စိုင်းရဲဝင်းမောင်၏ကျောပြင်ကို ကြည့်ပြီး အရှေ့သို့နည်းနည်းကုန်း၍ ကြည့်လိုက်သည်။
"မြန်မြန်ရေးတာမဟုတ်ဘူး။ လက်ရေးက နှေးပါဘိနဲ့ အခုမှ အဲတာပဲရောက်သေးတယ်။"
သော်ဝေမောင် နဖူးပေါ်ဝဲကျသွားသည့် ဆံပင်တွေကို လက်နဲ့ပြန်သပ်တင်ကာ ဆရာကြီးလေသံဖြင့် ပြောလိုက်တာကို စိုင်းရဲဝင်းမောင်က ကြားသွားဟန်တူပါသည်။ စာရေးနေသည့် လက်ကလေး တစ်ချက်မျှသာ တွန့်သွားပြီးနောက် ဘာမှမကြားသလိုပဲဟန်ဆောင်ကာ စာပြန်ဆက်ရေးနေ၏။
"နာရီဝက်ပဲ ကျန်တော့တယ်နော်။ စာတွေပြန်စစ်ထား။ ထွက်ချင်တဲ့သူ ထွက်လို့ရပြီ။"
YOU ARE READING
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018