အပိုင်း (၂၁)
နေရောင်နွေးနွေးက အခန်းထဲ တိုးဝင်လာသည်နှင့် သော်ဝေမောင် ခြုံထားသည့်စောင်ကို ဖယ်လိုက်သည်။ မျက်လုံးတွေ မှိတ်ထားပေမယ့် အောက်ထပ်က ငရုပ်ဆုံထောင်းသံ တဒေါင်းဒေါင်းကို အဆက်မပြတ်ကြားနေရသဖြင့် ဆက်ပြီးတော့လည်း အိပ်မရတော့။ မပွင့်တပွင့် မျက်လုံးတွေကိုကြိုးစားဖွင့်နေတုန်း ဟိုစမ်းဒီစမ်းဖြင့် ခုတင်နံဘေးက စားပွဲခုံပေါ်တင်ထားသည့် နာရီကိုလှမ်းယူလိုက်သည်။
သူမမြင်မကန်းဖြင့် အကုန်လျှောက်စမ်းနေရာ မဆိုင်သည့်အခြားပစ္စည်းတွေပါ အောက်ပြုတ်ကျကုန်သဖြင့် နောက်ဆုံးတော့ ခုတင်ပေါ်မှ ကုန်းရုန်းထ,ထိုင်လိုက်ရတော့သည်။ ခြေရင်းမှာ ပျံ့ကျဲသွားသည့် ဘောပင်တွေကို အိတ်ထဲ ပြန်ကောက်ထည့်ရင်း စားပွဲတင်နာရီကိုလှမ်းကြည့်လိုက်တော့ မနက်ခုနှစ်နာရီထိုးပြီး ဆယ့်ငါးမိနစ်။ စောစောစီးစီး မေမေ ဘာတွေချက်ဖို့ကြိုးစားနေသည်မသိ။
သူ့အခန်း၏ခြေရင်းနံရံမှာတော့ လျှာထိုးစင်ကလေးရှိပြီး တစ်ကိုယ်ရေသုံးပစ္စည်းတစ်ချို့ကို တင်ထားပါသည်။ သော်ဝေမောင် ထိုပေါ်ကနေ ရေချိုးမျက်နှာသစ်ရန်အတွက် ဆပ်ပြာခြင်းကိုယူလိုက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မီးဖိုချောင်ကိုအဖြတ် တစ်ချက်တော့ မေမေ့ကိုလှမ်းကြည့်လိုက်ပါသေး၏။ မေမေက ကျွန်တော့်ကိုမမြင်ပါ။
အုတ်ကန်ထဲမှ ညသိပ်ရေအေးအေးဟာ လောလောဆယ်အထိ အိပ်ချင်နေသေးသည့် ကျွန်တော့်မျက်လုံးတွေကို ပြူးကျယ်သွားစေသည်။ သော်ဝေမောင် ရေတစ်ဖလားကို ချိန်ချိန်ဆဆကိုင်ထားပြီးနောက် မျက်လုံးတွေစုံမှိတ်လို့ တရစပ်ပဲ တဗွမ်းဗွမ်းလောင်းချိုးလိုက်ပါသည်။ ကျွန်တော်ရေချိုးပြီး အိမ်ထဲပြန်ဝင်လာတော့လည်း မေမေက မီးဖိုးချောင်ထဲမှာ ဆက်ပြီး တဒုန်းဒုန်းလုပ်နေဆဲဖြစ်သည်။သော်ဝေမောင် ကော့နေအောင်မီးပူတိုက်ထားသည့် ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်လိုက်ပြီးနောက် အချိန်စာရင်းအလိုက် ကျောပိုးအိတ်ထဲ စာအုပ်တွေထည့်လိုက်သည်။ အခန်းထဲမှထွက်,ထွက်ချင်း ဘုရားကျောင်းရှိသဖြင့် ဘုရားရှီခိုးပြီးမှ သနပ်ခါးရေကျဲကို မှန်မကြည့်ဘဲ မျက်နှာတပြင်လုံးပွတ်လိုက်ပါသည်။ မနက်စာကတော့ ကျွန်တော်ကြိုက်တဲ့ အုန်းထမင်းစီးစီးလေးနှင့် အကြော်ဖြစ်သည်။
BINABASA MO ANG
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018