အပိုင်း (၂၀)
ကားထဲကို အကြမ်းပတမ်းဝင်လာပြီးနောက် တံခါးကို စောင့်ပိတ်လိုက်သော သော်ဝေမောင်ကြောင့် မင်းမူးသီဟ လန့်သွားပြီး လက်ထဲမှာဆော့နေသည့် ဂိမ်းစက်ချော်ထွက်သွား၏။
"သေပြီကွာ...ငါလုပ်တော့မယ်"
မင်းမူးသီဟ ခေါင်းကိုလှမ်းထုဖို့ရန်အတွက် လက်ရွယ်လိုက်သော်လည်း သော်ဝေမောင်က မျက်နှာကြီးစူပုတ်ပုတ်ဖြင့် သူ့ကိုကြည့်မနေဘဲ ခေါင်းငိုက်စိုက်လို့ထားသည်။
"ဘာဖြစ်လာတာလဲ။ သော် ဒီဘက်လှည့်စမ်း။"
ပုခုံးကနေ ဆွဲလှည့်လိုက်တော့ သော်ဝေမောင်က သူ့လက်တွေကို ပုတ်ထုတ်သဖြင့် မင်းမူးသီဟ လေလိုအလျင်ဖြင့် သော်ဝေမောင်ရဲ့ လက်နှစ်ဖက်ကို ချုပ်ကိုင်လိုက်ရာ အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်သွားသဖြင့် ရှုံ့မဲ့နေသည့်မျက်နှာမှ အားခနဲအော်သံထွက်လာသည်။ မင်းမူးသီဟ သူကိုင်ထားသည့် လက်ဖဝါးတွေကိုကြည့်လိုက်သည်။
"မင်းလက်တွေပွန်းလာတာလား။"
"မမြင်ဘူးလား။ ဘာလို့လူကို ဆွဲလားယမ်းလားလုပ်နေတာလဲ။"
သူ့ကိုရန်ထောင်နေသည့်တိုင် သော်ဝေမောင်ရဲ့မျက်လုံးဝိုင်းဝိုင်းလေးမှာ မျက်ရည်ကြည်တွေ ဝိုင်းလို့နေပြီဖြစ်သည်။ သူမြတ်နိုးတဲ့ မျက်ဝန်းတွေကို မျက်ရည်ကျစေမယ်ဆိုရင် အဲ့လူကို သူအရှင်ထားမှာ မဟုတ်တာတော့ သေချာတယ်။
"ဦးလေး ဆေးနဲ့ပတ်တီးလိပ် သွားဝယ်ခဲ့ပေးပါ။ အမြန်နော်။"
ဒရိုင်ဘာဦးလေးက ဘာတစ်ခွန်းမှမပြောဘဲ ခေါင်းငြိမ့်ကာ ကားထဲမှထွက်သွား၏။
"စိုင်းရဲဝင်းမောင် ဘာလုပ်လိုက်တာလဲ။"
"သူဘာမှမလုပ်ဘူး။ ငါ့ဘာသာခုံပေါ်က ချော်လဲလာတာ။"
"ငါ့ကိုမလိမ်နဲ့။ မင်း အဲကောင်ကို ခေါ်ဦးမယ်ဆိုပြီး သွားလိုက်တာ။ အခုအဲကောင်လည်း ပါမလာဘူး။ မင်းကလည်း ပွန်းပဲ့လာတယ်။ အဲ့တာကို ချော်လဲတာပါဆိုပြီး ငါ့ကိုယုံခိုင်းနေတာလား။"
မင်းမူးသီဟ စိတ်တိုစွာ အော်ပြောလိုက်တော့ သော်ဝေမောင်က မျက်ထောင့်နီဖြင့် လှမ်းကြည့်ပါသည်။ ဝေ့နေသည့် မျက်ရည်စ,တွေက ပြန်ပျောက်သွားပြီး အခုတော့ မီးဟုန်းဟုန်းတောက်နေသည့် အကြည့်တွေဖြင့် သူ့ကိုကြည့်နေသဖြင့် မင်းမူးသီဟမှာလည်း မျက်ခုံးတွေတွန့်သွားပြီး ဘာမှဆက်မပြောတော့ပေ။
YOU ARE READING
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018