အပိုင်း (၁၃)
သော်ဝေမောင် ဟောခန်းရဲ့ကော်ရစ်တာဘက်ကို ရောက်တော့မှ သူ့လက်ထဲကဆေးထုပ်ကို ပြန်ကြည့်ပြီး မေးခွန်းတွေက ခေါင်းထဲပေါ်လာ၏။ မင်းမင်းက သူပိုက်ဆံပါမလာဘူးဟု ပြောသည်။ ဒါဆိုရင် ဆေးတွေကို ဒီကောင်ဘယ်ကပိုက်ဆံနဲ့ ဝယ်လာသလဲဆိုတာပင်။
"ဟေ့ကောင် ဒီဆေးတွေကို..."
ကျွန်တော်လှည့်ကြည့်လိုက်တော့ ကျွန်တော့်အနောက်မှာ လူနဲ့တူတဲ့အရိပ်တစ်ခုတောင် ရှိမနေခဲ့ပါဘူး။ သော်ဝေမောင် ကော်ရစ်တာအဆုံးအထိ ပြန်လျှောက်ကြည့်သော်လည်း ဘယ်သူမှမရှိဘူးဆိုတာ သေချာနေခဲ့သည်။ အစကတည်းက မင်းမူးသီဟ ကျွန်တော့်နောက်ကို လိုက်မလာခဲ့တာ နားလည်လိုက်တော့ ထိုအမှန်တရားကို ကျွန်တော်လက်မခံချင်။ ကျွန်တော့်ကိုကျောခိုင်းတော့မဲ့ နောက်ကျောပြင်ဆိုရင်တောင် မပြောမဆိုနဲ့အခုလိုမျိုး ထွက်သွားတာကို ကျွန်တော်အမုန်းဆုံးပင်။
"မင်းမင်း..."
တရိပ်ရိပ်နဲ့ ကျွန်တော့်ခေါင်းထဲဝင်လာသည်က ဖုန်တွေလူးနေပြီး ခဲရှရာလေးတွေဖြင့် ဖူးယောင်နေသည့် ခြေဖဝါးတစ်စုံ။ ကျွန်တော့်ရှေ့ကို ခိုင်ခိုင်မာမာဖြင့် ခြေစုံလာရပ်ခဲ့သည်။ မှောက်လှဲထားသဖြင့် အင်္ကျီအဖြူရောင်လေး၏ တံတောင်ဆစ်နားမှာ စွန်းထင်းနေသည့် သွေးကွက်နှင့် အညိုအညစ်တွေကို ကျွန်တော် မမြင်ချင်ယောင်ဆောင်လိုက်တာကလည်း လုံးဝမေ့သွားသလောက်ပါပဲ။ သူ့ကြောင့် ကိုယ်နာတာကိုပဲ အနာလို့သတ်မှတ်ပြီး သူနာတာကိုတော့ သူ့ထိုက်နဲ့သူ့ကံပဲလို့ ကျွန်တော် မင်းမင်းအပေါ် ဘယ်လိုစိတ်နဲ့များ တွေးခဲ့မိပါလိမ့်။
သော်ဝေမောင် ဆေးထုပ်ကို လက်ထဲကျပ်နေအောင် ဆုပ်ကိုင်ထားရင်း လာရာလမ်းအတိုင်း နောက်ပြန်လှည့်ကာ ဆီးဖြူသီးပင်ဆီသို့ ပြေးထွက်သွားပြန်သည်။ အပူချိန်အမြင့်ဆုံးမှာ ပွက်ပွက်ဆူနေသည့် ရေနွေးအိုးလို၊ ထပ်မတွေးချင်တော့သည့် အိပ်မက်ဆိုးတစ်ခုလို၊ ဒီတစ်ကြိမ်တော့ ကျွန်တော်ခံရမည့်အလှည့်ပေါ့။ မလိုချင်ပေမဲ့လည်း ရခဲ့ပြန်သည်။
"အရူးကောင် တကယ့်အရူးကောင်"
နောက်ဆုံး ဆီးသီးပင်အောက် ကျွန်တော်ရောက်လာခဲ့ပေမယ့် မင်းမူးသီဟကိုတော့ ရှာမတွေ့တော့ပေ။ တခြားလမ်းမရှိ၍ အတန်းဆီ ပြန်သွားတာတော့ မဖြစ်နိုင်ပါဘူး။ ထို့အပြင် အမြဲတမ်းဖွင့်ထားတတ်သည့် အနောက်ဖက်တံခါးပေါက်ကလည်း အနည်းငယ်ဟနေသဖြင့် အတန်းထဲမဟုတ်ဘူးဆိုမှဖြင့် မင်းမူးသီဟ ကျောင်းထဲကထွက်သွားတာကလွဲ တခြားနည်းကိုလည်း ကျွန်တော်စဉ်းစားမရတော့။
VOCÊ ESTÁ LENDO
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018