အပိုင်း(၅)
သော်ဝေမောင် ခြံရှေ့က စက်ဘီးဘဲလ်တီးသံကြားသည်နှင့် စားလက်စထမင်းကြော်ကို ပါးစပ်ထဲ အကုန်သွပ်ထည့်လိုက်ကာ အိမ်ရှေ့အမြန် ပြေးထွက်လာခဲ့သည်။ စိုင်းမောင် ရောက်နေပြီဆိုသည့်အသိကြောင့် မေမေ့ရဲ့ ရေသောက်သွားဖို့လှမ်းအော်သည့် အသံဟာ လေထုထဲတင်ပျောက်သွားပြီး နားထဲထိမရောက်တော့ပေ။ ကျွန်တော် ကျောပိုးအိတ်ကို ပြေးနေရင်းတန်းလန်းလွယ်လိုက်ပြီး အိမ်ရှေ့ဆီသို့ အရောက်သွားလိုက်၏။
စိုင်းမောင်က စက်ဘီးကို ခြေတစ်ဖက်ထောက်ထားသည့် ကိုယ်နေဟန်ထားဖြင့် ကျွန်တော့်ကိုစောင့်နေသည်။ အဝေးကပင် သဘောကျစွာ သူပြုံးနေတာကို ကျွန်တော်လှမ်းမြင်နေရပါသည်။ ဘာကိုသဘောကျတာလဲ။ ဘာမှသဘောကျစရာလည်း မရှိပါဘူး။
"မင်းနှုတ်ခမ်းထောင့်မှာ ထမင်းလုံးကြီး။ နေ့လည်စာချန်ထားတာလား။"
ကျွန်တော့်နှုတ်ခမ်းဆီသို့ ရောက်လာသည့် စိုင်းမောင်ရဲ့လက်တစ်ဖက်ကို ရုတ်တရက်မို့ ရှောင်နိုင်ခွင့်မရလိုက်။
"ဒီနေ့လည်း ပဲထမင်းကြော်ပဲလား။ ဦးလေးကြော်တာထင်တယ်။ စားကောင်းတယ်။"
သော်ဝေမောင် ကျောက်ရုပ်တစ်ရုပ်လို မှင်သက်ငြိမ်ကျသွားပြီးနောက် သတိပြန်ဝင်လာကာ ဘေးပတ်ဝန်းကျင်ကို အမြန်လှည့်ကြည့်လိုက်သည်။ တော်သေးတာ သူတို့ရှိနေသည်မှာ ဘယ်သူမှမမြင်နိုင်သည့် ပိတောက်ပင်ရဲ့အကွယ်မှာမို့။
"ရူးနေလား စိုင်းရဲဝင်းမောင်။ ငါထိုးလိုက်ရင်နာတော့မယ်။"
ထိုးလိုက်ရင်နာတော့မယ်လို့ ပါးစပ်ကသာ ပြောနေတာပါ။ ကျွန်တော် သူ့ရဲ့လက်မောင်းကို ဆယ်ချက်မက ထိုးပြီးသွားပါပြီ။ ကျွန်တော့်ကို စ,လိုက်ရသဖြင့် ပျော်နေသည့် စိုင်းမောင်မျက်နှာက မျောက်အုန်းသီးရသလို ဖြီးနေ၏။ ထို့အပြင် ကျွန်တော့်လက်တွေကို လိုက်ဖမ်းပြီး ရီနေတာက ခွက်ထိုးခွက်လန်ပင်။
"တော်ပြီ၊ တော်ပြီ။ ရီရတာ မျက်ရည်ပါဝဲတယ် သော်သော်ရာ။ မင်း စ,လို့ကို မကောင်းဘူး။ ထိုးတာနာလိုက်တာ။ ငါစက်ဘီး မမောင်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ။"
YOU ARE READING
ငယ်ချစ်
Romanceချစ်တယ်ဆိုတာ အရမ်းကို လှပတဲ့စကားလုံးပါ။ မင်းကိုရည်ညွှန်းပြီး ပြောတဲ့အခါ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတယ်။ -မင်းမူးသီဟ- 10:7:2017-20:2-2018