အပိုင်း (၃)

5.9K 600 9
                                    

အပိုင်း (၃)

ကျွန်တော်တို့အိမ်က ခြံနောက်မှာကပ်ဆောက်ထားသည့် သာမန်ပျဉ်ထောင် နှစ်ထပ်အိမ်ကလေးဖြစ်ပြီး ခြံ၏အရှေ့မှာတော့ မေမေရဲ့စက်ချုပ်ဆိုင်ရှိပြီး တစ်ဖက်မှာ ဖေဖေထိုင်ဖို့လုပ်ထားသည့် ကွစ်ပြစ်တန်းလျားလေးတစ်ခုရှိသည်။ ကံကောင်းထောက်မစွာပဲ ခြံထဲမှာ ပိတောက်ပင်အကြီးကြီးရှိနေတာကြောင့် အရိပ်အားလည်းကောင်းသလို မန္တလေးနွေပူပူကို တော်ရုံနဲ့မှုစရာမလိုပါဘူး။ အိမ်ထဲမှာတော့ အောက်ထပ်ဝင်ဝင်ချင်း ညာဘက်၌ ဧည့်ခန်းသဘောမျိုး ကြိမ်နှင့်ရောထားသည့် သစ်သားကုလားထိုင်နှင့် စားပွဲခုံရှည်တစ်လုံးရှိပါသည်။ ဘယ်ဘက်မှာ ဖေဖေမေမေရဲ့အခန်းရှိပြီး ကပ်လျက်က မီးဖိုချောင်နှင့် အနောက်ထဲမှာတော့ ရေချိုးခန်းအိမ်သာရှိသည်။ အပေါ်ထပ်တွင် ဘုရားကျောင်း၊ ကျွန်တော့်၏အိပ်ခန်းနှင့် ပစ္စည်းတွေသိမ်းသည့်စတိုခန်းတစ်ခုသာရှိ၏။ ထောင့်လေးက ပြတင်းပေါက်နားမှာတော့ ကျွန်တော့်အတွက်စာကြည့်စားပွဲနှင့် စာအုပ်စင်ရှိပါသည်။ ဝရန်တာတန်းလျားငယ်တစ်ခု ပါရှိသော်လည်း ထိုနေရာမှာ မေမေက ပန်းအိုးသေးသေးလေးတွေ အပြည့်စိုက်ထားသဖြင့် လူထွက်မရတော့ပေ။

အားလပ်ရက်တွေမှာ ကျွန်တော်ညဘက်ကာတွန်းဖတ်ပြီး မနက်ဘက်ကျ နေဖင်ထိုးသည်ထိ အိပ်တာကို မေမေလည်း လာမနှိုးပါဘူး။ ဆူလည်းမဆူပါဘူး။ ဖေဖေကတော့ ထုံးစံအတိုင်း အစောကြီးကတည်းက အတန်းရှိလို့ထွက်သွားလေပြီ။ ကျွန်တော့်ကိုလည်း ဖေဖေက ရှစ်တန်းပြီးသည်အထိပဲ ထိုသို့နေခွင့်ပြုမည်တဲ့။ ရှစ်တန်းပြီးတာနဲ့ နွေရာသီတန်းတွေရော၊ ကျူရှင်တွေရော အပြည့်တက်ရမည်ဆိုပဲ။ သော်ဝေမောင် မျက်လုံးများမှိတ်ထားလျက်ပင် စိတ်ညစ်သွား၏။

ကျွန်တော်က ကျောင်းမှာ အတွေ့အကြုံတွေစုံချင်တာ။ တကယ်အတည်ကြီး သူများတွေလို စာမှစာဆိုပြီး ကြိုးစားချင်တာမဟုတ်ဘူး။ အခုချိန်အထိလည်း စာကိုတော်သင့်ရုံသာလုပ်ခဲ့ပြီး ပါလို့ရသမျှ ကျောင်းပွဲတိုင်းမှာ ကျွန်တော်ပါခဲ့သည်။ အားကစားနေ့လား။ စိုက်ပျိုးရေးနေ့လား။ စုံညီပွဲတော်နေ့လား။ သော်ဝေမောင် မပါခဲ့သည့်ပွဲမရှိ။ ထိပ်ဆုံးက တက်တက်ကြွကြွပင် သူ့နာမည်ကို စာရင်းပေးပြီးသားပဲ။ လေးတန်းတုန်းက ကျွန်တော် လူရည်ချွန်ဝင်ဖြေတော့လည်း ပါတာပါပဲ။ အောင်တော့ ပတ္တလားသင်တန်းတောင် သွားတက်ခဲ့သေးတယ်။ ပြောမဲ့သာပြောရသာပါ။ အခုလည်း ကျွန်တော့်အဆင့်တွေက မဆိုးတဲ့ထဲပါ,ပါတယ်။ ဒါပေမဲ့ ငယ်ငယ်က လူရည်ချွန်ဖြစ်ခဲ့တာမို့ ဆယ်တန်းမှာ ခြောက်ဘာသာဂုဏ်ထူးထွက်ဖို့တော့ ဖေဖေ မျှော်လင့်လို့မရဘူးလေ။

ငယ်ချစ်Where stories live. Discover now