အပိုင်း - ၁၆ ( ချောမောရက်လွန်း )
ချန်ဝမ်၏နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မည့်အလား။
"မဟုတ်ရပါဘူး"
သို့သော် သူကိုယ်တိုင်ကမူ တည်ငြိမ်ဟန်ရနေမြဲ။
သူ့လက်ဖဝါးဖြင့် ကာပေးထားသော မီးတောက်လေးမှာ ညဥ့်နောက်ခံ၌ ယိမ်းနေခဲ့ကာ အဆုံးမဲ့သော အမှောင်ထုထဲ ကခုန်နေ၏။ ထို့အတူ သင်္ဘောအောက်ရှိ ရေနက်စီးကြောင်းနှင့် လှိုင်းလုံးကြမ်းများကလည်း ဆုံဆည်းသွားသော မျက်ဝန်းနှစ်ခု၏ ဆယ်စက္ကန့်တာ အခိုက်အတန့်ထဲ အေးစက်ရပ်တန့်သွားဟန်ရကာ မိုးပြာရောင်ရင့်ရင့် ပန်းချီကားတစ်ခုအား ပေါက်ဖွားလာစေ၏။
ကျောက်ရှန်းကော၏မျက်နှာထက် ခပ်စစလှောင်ပြုံး ရှိနေသလိုပင်။ ထိုသူက ချန်ဝမ်၏လက်ထဲမှ မီးခြစ်ကို ယူလိုက်၏။ သူတို့နှစ်ယောက်သား အကြည့်ချင်းဆုံသွားစဉ် စီးကရက်မီး စွဲမသွားသဖြင့် ကျောက်ရှန်းကောဘက်က မျက်မှောင်ကြုတ်လျက် သူ့ဘာသာသူ မီးညှိလိုက်သည်။
ပင်လယ်လေပြည်က သူ၏ရှပ်အင်္ကျီအား တဖျတ်ဖျတ်တိုက်ခတ်နေကာ ရှည်သွယ်မြင့်မားသည့် ကိုယ်ထည်အား ထင်ရှားပေါ်လွင်နေစေ၏။ ဆံပင်များကလည်း အနည်းငယ်ရှုပ်ပွနေလျက် ၊ ကိုးဆယ်ခုနှစ်များတုန်းက ဗိုလ်ကျစိုးမိုးတတ်လှသည့် ဟော့ဟော့ရမ်းရမ်း ဟောင်ကောင်မင်းသားများပမာ သင်္ဘောလက်ရန်းနား မှီပြီး ရပ်နေလို့။
သေစမ်း!!!! သောက်ရမ်းချောတယ်!!!!
ချန်ဝမ်မှာ မျက်နှာအမူအရာ လုံးဝမပျက်စေဘဲ ထိုအတိုင်း တွေးဆနေခဲ့လို့။
သို့သော် ထိုသူကို တစ်ချက်မျှသာကြည့်အပြီး အကြည့်လွှဲလိုက်သည်။ ထို့နောက် ခြေလှမ်းတစ်ဝက်မျှ ဆုတ်လိုက်ကာ ဘေးကင်းသော အကွာအဝေး၌သာ ရပ်ဖြစ်၏။
သို့သော် အလုပ်မဖြစ်ပါ။
ကျောက်ရှန်းကောက စီးကရက်အား ကိုက်ခဲထား၏။ ခိုသူ့ထံမှလည်း သင်းဖျော့ဖျော့မွှေးရနံ့တစ်ခု ခံစားရရှိနိုင်နေ၏။ ၎င်းက မည်သည့်ရနံ့ဖြစ်ကြောင်း ချန်ဝမ် မသိပါ။ Rosemary နှင့်တော့ တူသည်။ သို့သော် သူ့စိတ်ကို မွှေနှောက်နိုင်လွန်း၏။ သူ့အား တွေဝေစေ၏။ သူ့အား ကြောက်လန့်နေစေ၏။