အပိုင်း - ၆၆ ( တစ်သက်တစ်ကျွန်း )
Double update for today. Please make sure to read the previous chapter too.
၎င်း၏ ပိုင်နက်နယ်မြေထဲ လှည့်လည်ကာ သားကောင်ကို ရှာဖွေနေသော ခြင်္သေ့ကြီးပမာ ကျောက်ရှန်းကောက သခြေလှမ်းကျဲကြီးများနှင့် သူ၏ပစ်မှတ် ချန်ဝမ်ရှေ့သို့ လျှောက်လှမ်းလာ၏။
ချန်ဝမ်မှာမူ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေကာ နှလုံးသားကလည်း ဗုံမောင်းပမာ တဒုတ်ဒုတ်ခုန်ပေါက်နေခဲ့လျက်။ ကျောက်ရှန်းကော တဖြည်းဖြည်းနီးကပ်လာလေ ချန်ဝမ်၏ တောင့်ခံနိုင်စွမ်း ကုန်ခမ်းလေလေဖြစ်ကာ အသက်မရှိတော့သည့်အလား တောင့်တောင့်ကြီးသာ ဖြစ်နေလို့။
မီတာဆယ်ချီအကွာတွင်ပင် သူ့အပေါ် ကပ်ငြိနေသော ကျောက်ရှန်းကော၏ အကြည့်မျက်ဝန်းများက ရာစုနှစ်တစ်ခုမျှ ကြာမြင့်သည်ဟု ချန်ဝမ် ခံစား၍ရေန၏။ ထိုမျက်ဝန်းများမှာ နက်မှောင်ပြီး တည်ငြိမ်ကာ တစ်ဖက်လူကို တုန်လှုပ်စိုးရွံ့ေစသည်။ သူ့အရေပြား၏ တစ်လက်မချင်းစီတိုင်းအား ခွာချကာ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးသော ထောင့်များအားလုံးအား ထိုးဖောက်ကြည့်ရှုလာသည်။ ချန်ဝမ်၏ အတွေးအကြံတိုင်းကို လိုက်လံစိစစ်လာသည် ။
သို့သော် ထိုမျက်နှာထက် ချုပ်တည်းမျိုသိပ်ခြင်းတည်းဟူသော ရှားပါးလှသည့် အရိပ်အကဲကိုလည်း ချန်ဝမ် မြင်လိုက်၏။ သို့သော် တဒင်္ဂစာမျှသာကြာကာ မြူနှင်းငွေ့ပမာ ပြယ်လွင့်ပျောက်ကွယ်သွားပေသည်။
သို့သော်လည်း ကျောက်ရှန်းကော ဘာမှ မလုပ်ခဲ့ပါ။ ချန်ဝမ်ဆီ တည့်တည့်လျှောက်လှမ်းသွားကာ သော့တစ်ချောင်း ထုတ်ပြီး ချန်ဝမ်လက်ထဲ ထည့်ပေးလာ၏။ ထို့နောက် နူးညံ့ကြင်နာစွာ ပြောလာ၏။
"ကိုယ့်ရုံးထဲ ကျန်ေနခဲ့တာ။ ကိုယ် ဖုန်းခေါ်ပေမယ့် မင်း မကြားလိုက်ရဘူးထင် "
"..."
ချန်ဝမ်ထံတွင် စောနဖြစ်ရပ်ကြောင့် ကြမ်းကြုတ်ခက်ထန်မှုနှင့် ဒေါသအရှိန် ရှိနေသေးကာ ယခုမှာတော့ သူ့စိတ်ထဲ အတွေးစတစ်ခုသာ ကျန်တော့၏။ ထိုအကြောင်းကို ကျောက်ရှန်းကော သိနေနှင့်ပြီပဲ။ ထို့ကြောင့် ချန်ဝမ်လည်း အားနာစွာသာ ပြောလိုက်၏။