Ep-2(Unicode)

2.3K 405 29
                                    


"သောက်ဆေး ၃ကြိမ်စာပေးလိုက်မယ်နော် ၊ အခုက နေ့လည်ဆိုတော့ ဘာမှရေးမထားတဲ့ အထုပ်ကို အစာစားပြီးရင်သောက်ရမယ်၊ညနဲ့မနက်ရေးထားတဲ့အထုပ်က ဒီနေ့ညနဲ့ မနက်ဖြန်မနက် တစ်ကြိမ်စီ"

အဖျားကျသွားပြီးသော အမျိုးသမီးကြီးအား တွဲစပ်ထားသောသောက်ဆေးကို ပေး၍ သေချာမှာလိုက်သည်။ဘေးမှ အကူပါလာသည့် မိန်းကလေးက ကျသင့်ငွေရှင်းနေတုန်း လူနာအမျိုးသမီးကြီးသည် ရှိုင်းမင်းခန့်အားသေချာကြည့်လာပြီး

"ဒါဆို မနက်ဖြန်မလာရတော့ဘူးပေါ့ ဒေါက်တာလေး"

"ဟုတ်ကဲ့ သက်သာပြီဆိုရင် လာစရာမလိုတော့ပါဘူး "

အမျိုးသမီးကြီးက ဆေးထိုးထားသောတင်ပါးကို လက်ဖမိုးနဲ့ချေနေရင်းမှ မျက်နှာကိုအနည်းငယ်မဲ့လိုက်သည်။

"ကျွန်မတော့ နေ့တိုင်းကိုဖျားနေချင်တော့တာပဲ "

" ကျန်းမာချင်တယ်လုပ်ပါ ဒေါ်ဒေါ်ရယ် ဘယ်နှယ့်"

"မကျန်းမာချင်ပါဘူး နေ့တိုင်းဖျားမှ ဒေါက်တာလေးကို နေ့တိုင်းတွေ့ရမှာလေ"

"ဟာဗျာ"

ရှိုင်းမင်းခန့် ရှက်ရှက်နဲ့သာ ရယ်လိုက်တော့ ဘေးအကူပါလာသည့် ကောင်မလေးကပါပြုံးပြုံးစိစိဖြင့်။သိပ်နောက်တတ်တဲ့ အမျိုးသမီးကြီးက ဆေးခန်းလူရှင်းနေတာကြောင့်မပြန်သေးဘဲ စကားဆက်၏။

"ဒေါက်တာလေးက တိုင်းရင်းသားစပ်လား"

"ဗမာစစ်စစ်ပါဗျ"

"ဟုတ်လား အသားကဖြူဖွေးဥနေလို့လေ ၊ မျက်နှာလေးကလည်း ချောလိုက်တာ မှုန်နေရောပဲ"

"အဲ့လိုမြှောက်ပြောလည်း နောက်တစ်ခါ ထပ်ဖျားအောင်နေလို့ကတော့ ကျွန်တော်က ဆေးကိုနာနာထိုးမှာပဲနော်"

"ရတယ် ရတယ် ဒေါက်တာ၊ ဆေးခန်းကိုလာရရင်ပြီးရော"

ကိုယ်ရယ်နေရုံကလွဲ ဘာမှထပ်မပြောနိုင်တော့။ဘေးကပါလာတဲ့ ကောင်မလေးက သူမအဒေါ်ဖြစ်သူကို ဇွတ်တွဲခေါ်မှသာပြန်သွားသည်။မိမိရုပ်ရည်နဲ့ အသားအ‌ရေကို ခဏခဏ ချီးကြူးတာကို ကြုံရပေမယ့် နေသားမကျသေးပေ။သို့သော် တစ်ခါတစ်ရံ အခုလိုပွင့်ပွင့်လင်းလင်းပြောဆို စနှောက်တတ်တဲ့လူနာတွေကြောင့် အနေခက်ပေမယ့် သူ့ရဲ့ ပုံသေနေ့စဥ်ဘဝမှာ အရယ်အပြုံးလေးဖြစ်ပေါ်စေသေးသည်။အနည်းဆုံးတော့ လောကကြီးထဲမှာ တစ်ယောက်တည်းဖြစ်နေပြီဆိုတဲ့ အမှန်တရားအား ခဏတာကုစားလို့ရနိုင်သည့် နည်းလမ်းတစ်ခုပင် ဖြစ်၏။

Painting On The SkinWhere stories live. Discover now