Ep-4(Unicode)

2.2K 403 38
                                    


ခဏနေရုံဟုဆိုကာ သွားခဲ့သော်လည်း အက္ခရာရဲ့ တက်တူးဆိုင်မှာ တစ်နေကုန်သွားသည်။ဘာမှမလုပ်ဘဲ ဒီအတိုင်း ပုံထိုးတာတွေကို ထိုင်ကြည့်ရုံဖြင့် အချိန်ကုန်လို့ ကုန်သွားမှန်းမသိလိုက်။သူက ဧည့်သည် တစ်ယောက်ပြီးလို့နောက်တစ်ယောက်မရှိသေးတာကြောင့် နားချိန်ရသည်။ထိုအခါ ကိုယ်နဲ့ စကားလာပြောပေးပြီး တက်တူးနှင့် ပတ်သက်တာလေးတွေကို စိတ်ဝင်စားနေမှန်းသိလို့ ရှင်းပြလာ၏။

တက်တူးမှာလည်း ဆရာဝန်တွေလို အထူးပြု လိုင်းတစ်မျိုးစီရှိသည်ဟုဆိုသည်။အထွေထွေကုသဆရာဝန်လို ဘာပုံလာလာထိုးပေးနိုင်တဲ့ Artistတွေရှိပေမယ့် နှလုံးအထူးကု၊အသည်း၊ဦးနှောက် ၊ OG စသည့် ကိုယ်အားသန်သောလိုင်းကွဲများစွာလိုလည်း တက်တူးမှာလည်းရှိကြောင်းသိရ၏။ရေးထိုးနည်းအများကြီးရှိသလို အခေါ်အဝေါ်တွေလည်းကွဲသည်။သို့သော် ကိုယ်စိတ်ရှုပ်သွားမည်ဟု ဆိုကာ သူက အကြမ်းဖျင်းအသုံးများသည့် လိုင်းကွဲ ၄မျိုးကိုသာ ပြောပြသည်။

"များသောအားဖြင့်ကျွန်တော်တို့ မန္တလေးမှာအထိုးများတာက ဂျပန်လိုင်းပဲ၊ အရောင်တောက်တောက် ငါးကြင်းနဲ့ ဗြဲခေါင်းလို့ခေါ်တဲ့ ပုံတွေ အဲ့ဒါက အရောင်ပိုင်းအားသန်တဲ့ ဘုန်းပြည့်ကထိုးတာ"

ဖုန်းထဲကနေ တက်တူးပုံကိုပြရင်း ဆိုင်ခန်းရဲ့ အရှေ့ဖျားမှာထိုးနေသည့် သူငယ်ချင်းဖြစ်သူကိုမေးငေါ့ပြသည်။လှမ်းကြည့်လိုက်တော့ ဆိုင်ကယ်ဦးထုပ်လာပေးသောလူပင်။ထိုလူက သူငယ်ချင်းလေးယောက်ထဲမှာ ခန္ဓာကိုယ်အထွားဆုံးနဲ့ အရပ်အရှည်ဆုံးဖြစ်ပြီး ခဏခဏလည်းပြုံးနေတတ်၏။လေးထောင့်ကျကျမျက်နှာနှင့် သဘောကောင်းသည့်ဟန်အပြည့်ရှိသည်။နောက်တစ်ယောက်က ညီမြင့်မြတ်ဖြစ်ပြီး ဖန်စီပုံအသေးကိုတာဝန်ယူ ထိုးပေးသည်။အသားဖြူဖြူ မျက်လုံးမှေးမှေးဖြင့် အက္ခရာတို့သူငယ်ချင်းလေးယောက်ထဲ အရပ်အနိုမ့်ဆုံးဖြစ်၏။သို့သော် ထိုအရပ်အနိုမ့်ဆုံးလူကပင် ၅ပေ၈လက်မရှိသည့် ကိုယ့်အရပ်ထက်အနည်းငယ်မြင့်နေသေးသည်။

နောက်ဆုံးတစ်ယောက်က စန်းမောင်မောင်ဖြစ်ပြီး မိုက်ကယ်လို့လည်းခေါ်ကြောင်း၊ ပန်းချီလည်းကျွမ်းကျင်ပြီး အပြင်မှာရှိတဲ့ ပုံတူတွေထိုးတဲ့အခါ မိုက်ကယ်နဲ့ပဲလွှဲရကြောင်း စကားနည်းသည့် အက္ခရာမှာ ထိုသို့ မမောနိုင်မပန်းနိုင် ပြောပြပေးသည်။ဝယ်လာတဲ့ အချိုရည်ကို တစ်ယောက်တစ်ဘူးစီလိုက်ချပေးပြီး ကိုယ့်ကိုတော့ ကော်ဖီပြန်ဖျော်တိုက်ကာ နှစ်ယောက်သား စကားဆက်မပြတ်သေး။ကိုယ်က သိချင်တာမေးလိုက် သူက စိတ်ရှည်လက်ရှည်ဖြေလိုက်နဲ့ တစ်ယောက်ကြောင်းတစ်ယောက်သိကာ ပိုရင်းနှီးလာသည်ဟုခံစားရသည်။

Painting On The SkinWhere stories live. Discover now