Ep-17(Unicode)

15.9K 1.3K 126
                                    



အက္ခရာအလုပ်ပြီးလို့ ကိုယ့်ဆေးခန်းကိုရောက်လာချိန်ဟာ ည၁၁နာရီထိုးခါနီးလောက်ဖြစ်သည်။ဆေးခန်းပိတ်ပြီး စောင့်နေပေမယ့် မျက်လုံးတွေစပ်လာတာကြောင့် အပေါ်မှာခဏလှဲနေတုန်း အိပ်ပျော်သွား၏။

အိပ်မက်လိုလို ဝိုးတဝါးဖြင့်အသိစိတ်ထဲမှာ ဟင်းနံ့မွှေးမွှေးလေးရနေသည်။မျက်လုံးကိုအားယူဖွင့်လိုက်တော့ ဇာခြင်ထောင်အမိုးကိုမြင်ရ၏။ကိုယ်လှဲနေတုန်းက ခဏဆိုပြီး ခြင်ထောင် ထောင်မခဲ့ပါဘူး။

ရင်ဘတ်ထိဆွဲခြုံရက်ရှိသော စောင်ကိုဖယ်ပြီး အောက်ထပ်ဆင်းလာလိုက်သည်။မီးဖိုခန်းကျဥ်းထဲမှာ ချက်ပြုတ်နေသော သူရဲ့ ကျောပြင်ကျယ်ကြီးဟာ အရာရာအားကိုးချင်စရာ။သူငယ်ချင်းတွေပေးထားသည့် သော့အပိုကို သိပ်အသုံးမပြုသော်လည်း ကိုယ့်ဆေးခန်းသော့အပိုကိုတော့ သူအမြဲသုံးလေ့ရှိပါသည်။

လှေကားပေါ်က အသံကြားတော့ လှည့်ကြည့်လာသည်။သို့သော် သူ့ခေါင်းက ပုံမှန်လူလှည့်လို့ရတဲ့အထိ ရောက်မလာဘဲ တစ်ခုခုကပြန်ဆွဲထားသလို ခံနေ၏။ဟင်းအိုးထဲမွှေနေသည့် ဇွန်းကို ဇလုံအလွတ်ထဲချပြီးမှ ခန္ဓာကိုယ်ပါလှည့်လာသည်။ကိုယ့်ကိုမြင်တော့မျက်လုံး‌အောက်က အချိုင့်လေးနှစ်ဖက်ပေါ်အောင်ပြုံးပြလျက်

"နိုးပြီလား ဒေါက်တာ ၊ ကျွန်တော် နောက်ကျသွားတယ်"

"ရပါတယ် ကိုယ်လည်း ဗိုက်မဆာသေးတာနဲ့ အတူစားဖို့စောင့်နေတာ"

"ဟုတ် ဒီတစ်ရေဆီပြန်ရင်ရပြီ"

ပြောရင်း မိးဖိုဘက်ကို တစ်ကိုယ်လုံးပြန်လှည့်ပြီး ထမင်းခူးနေသည်။သူ့ကြည့်ရတာ ဂုတ်က အလွယ်တကူ ဟိုဘက်ဒီဘက်လှုပ်ရှားဖို့ အဆင်မပြေနေသလိုပင်။အလုပ်တွေ ဆက်တိုက်ပိထားတော့ ဒီကောင်လေး ဘယ်ဒဏ်ခံနိုင်တော့မလဲ။

"အက္ခရာ ဇက်နာနေတာလား"

"ဟုတ်တယ် ဦးလွှဲသွားတာထင်တယ် လှည့်မရဘူး"

"‌ပေးပေး ဒါတွေ ကိုယ်လုပ်မယ်"

"အာ ရပါတယ် ၊ ထိုင်နေပါ"

"မရပါဘူး"

သူ့လက်မောင်းကို လက်နဲ့အသာတိုက်ရင်း ဒီညရဲ့ စားဖိုမှူးနေရာက ကိုယ်ဖြစ်သွားသည်။စားဖိုမှူးလို့ ဆိုပေမယ့် တကယ်တမ်း သူချက်ထားပြီးသားဟင်းကို ကျက်၊မကျက် စောင့်ရုံသာ။ခေါင်းငုံ့ထားပေမယ့် ဘေးကနေကြည့်နေတာကို အလိုလိုသိနေသည်။ဟင်းအိုးက ရိုက်တဲ့အငွေ့က မျက်နှာကို ပူနွေးစေပြီး မြန်မြန်ကျက်ဖို့သာစိတ်လောနေ၏။

Painting On The SkinWhere stories live. Discover now