Ep-8(Zawgyi)

377 20 0
                                    


ဘာကြောင့်လဲဆိုသော အကြောင်းပြချက်ကို မေးဖို့သတိမရဘဲ ဆေးခန်းထဲဆွဲခေါ်ပြီးသာ ဒဏ်ရာတွေကို ဆေးထည့်ပေးမိသည်။ကိုယ်လုပ်တဲ့အတိုင်း ငြိမ်ပြီးလိုက်လာတဲ့ အက္ခရာက သူ့မျက်နှာကအညိုအမည်းစွဲရာတွေနဲ့ မဆိုင်စွာ ပြုံးဖြီးနေပြန်၏။

အရက်ပြန်နဲ့ တို့လိုက်မှ ရှုံ့မဲ့သွားသည်။

မှတ်ထား အဲ့ဒါကိုယ့်ကို ၄ရက်လုံး ပစ်ထားလို့။

ရှိုင်းမင်းခန့်ထိုသို့ ကလေးဆန်ဆန်တွေးလိုက်ပေမယ့် လက်ကတော့ပို၍ညင်သာစွာလုပ်ကိုင်ပေးဖြစ်သည်။နှဖူးမှာ တစ်ခုခုနဲ့ ပစ်ပေါက်ထားသလို ဘုကနေမှ သွေးစို့သည့်အနာ၊နှုတ်ခမ်းထောင့်ကနေ ပါးအထိ အညိုအမည်းအရာ ၊ဒီလောက်နဲ့ကိုယ့်ရဲ့ သိချင်စိတ်ကို ထိန်းချုပ်နိုင်သော်လည်း လက်ပြင်ရိုးနဲ့ လက်ဖမိုးတွေမှာ ရိုက်နှက်ထားသည့် ဒဏ်ရာတွေကြောင့် ဆက်ပြီးသည်းမခံနိုင်တော့ဘဲ မေးလိုက်မိသည်။

"ဘာဖြစ်လာတာလဲ"

"အဖေရိုက်လိုက်တာ"

သူက ဖြစ်လေ့ဖြစ်ထရှိသည့် အရာလို ပေါ့ပေါ့ပါးပါးပင် ဖြေသည်။

"ဒီအရွယ်ကို အဲ့လောက်ထိရိုက်တယ်ဆိုရင် အက္ခရာ ဘာအမှားလုပ်ထားမိလို့လဲ"

ကိုယ့်အသံမှာ ဂရုဏာဇောနဲ့ အနည်းငယ်ကျယ်သွားသည်။ဒီလောက်ထိရိုက်လိုက်တဲ့ သူ့ဖခင်ကို မကျေနပ်သလိုရှိသော်လည်း ဘာအကြောင်းပြချက်ရှိနေလို့ လုပ်လိုက်သလဲ မသိသေးတာကြောင့် ရမ်းသမ်းပြီးတော့ မပြောနိုင်။မှုန်ကုပ်ထားမိတဲ့ကိုယ့်မျက်နှာကို သူက ပြုံးပြုံးလေး ပြန်ကြည့်နေရင်း

"တက်တူး ဆရာဖြစ်နေလို့"

"အက္ခရာအဖေက တက်တူးထိုးတာ မကြိုက်တာလား"

"တော်တော်လေးကို မကြိုက်တာ ခါးခါးသီးသီးပဲ"

"ဒါ ဘယ်နှခုနှစ်မို့လို့လဲကွာ"

သူ့ဖခင်ကို ရှေးရိုးစွဲလူတွေထဲ သွပ်သွင်းလိုက်သည့် စကားကြောင့် ကိုယ်ပြောပြီးမှ အားနာသွားသည်။အက္ခရာက ဘယ်လိုမှတောင်မနေဘဲ မိမိလက်ကောက်ဝတ်ကိုဆွဲကိုင်ပြီး သူထိုင်နေတဲ့ လူနာခုတင်မှာပဲ ဘေးချင်းယှဉ်ထိုင်စေသည်။ထို့နောက် သူက ထသွားပြီး သိပ်မကြာခင်ကမှ အသစ်တိုးလာသောဖန်ခွက်တစ်ခွက်အပိုနဲ့ ကိုယ်သောက်နေကျ ဖန်ခွက်အ‌ဟောင်းရော နှစ်ခုလုံးကို ယူပြီး ကော်ဖီဖျော်ဖို့လုပ်နေသည်။ကော်ဖီမှုန့်ဖောက်ထည့်ပြီး နို့မှုန့်နဲ့ ရေနွေးထည့်ကာ အေးအေးဆေးဆေး မွှေနေပုံက အက္ခရာ မိမိဆေးခန်းနဲ့ သိပ်ကိုအသားကျနေကြောင်း ထင်ရှားသည်။သူ့ ကိုယ်ပိုင်ဆိုင်ခန်းထဲမှာ ရှိနေသလို သက်သောင့်သက်သာပင်။ကိုယ့်ရဲ့ သိချင်စိတ်ပြင်းပြနေသော မျက်ဝန်းတွေကို သူက လျစ်လျူရှု့ထားပြီး ကော်ဖီခွက်ပေးပြီးပြီဆိုမှ စကားကို ပြန်ဆက်သည်။

Painting On The SkinTahanan ng mga kuwento. Tumuklas ngayon