ဘဝမှာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသော အခိုက်အတန့်တစ်ခုကို ခြောက်ကပ်ကပ်နိုင်လှသည့် နေ့လယ်၃နာရီမှာ ဖြစ်ပေါ်လိမ့်မယ်လို့ မထင်ခဲ့ပါ။ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို မိုးဖွဲလေးများကျနေချိန်၊ ကောင်းကင်မှာ သက်တန့်လေးများဆေးရောင်ခြယ်နေချိန်၊ပန်းရနံ့လေးတွေသင်းသော လေပြည်ညင်းလေးတိုက်ခတ်ချိန် စသည့်ကြည်နူးလွမ်းဆွတ်ဖွယ်ကောင်းသော အခိုက်အတန့်လေးတွေ တစ်ခုမှမဟုတ်။ရေဓာတ်ခမ်းခြောက်ပြီး ချွေးဒီးဒီးကျနေသော အချိန်မှာဖြစ်သည်။
ကတ္တရာလမ်းမက ရောင်ပြန်ဟပ်နေသော မန္တလေးနွေ၏ အပူရှိန်မှာ အရှင်လတ်လတ်ငရဲကျသည်ဟုဆိုရင် လွန်မယ်မထင်ပါ။
ဆိုင်ခန်းငှားတုန်းက ဒီလောက်ထိပူလိမ့်မယ် မထင်လို့ Airconတပ်ပေးရန်ပြောဖို့သတိမရခဲ့ပေ။ပန်ကာကိုပဲ အနိုင်နိုင်ဖွင့်၍ ရှပ်ကို လက်တိုသာဝတ်ထားပြီး ကုပ်အဖြူထပ်ဖို့ဆိုတာ အတွေးနဲ့တောင်မစဥ်းစားရဲ။
အပူဒဏ်ကို ဘယ်လိုရင်ဆိုင်ရမလဲ အကြံထုတ်နေတုန်း ဆေးခန်းရဲ့ အရှေ့မှန်တံခါးပွင့်လာသည်။ထိုင်တာ တစ်ပါတ်မပြည့်သေးတဲ့ ဆေးခန်းမှာ ၆ယောက်မြောက် လူနာအဖြစ်ရောက်ရှိလာခြင်းဖြစ်၏။အရင်က လူနာတွေနဲ့ မတူတာကတော့ ဘေးကနေ အဖော်တစ်ယောက်တည်းမဟုတ်ဘဲ ၄ယောက်ပါတာဖြစ်ပြီး ထိုသူ၄ယောက်လုံး၏မျက်နှာမှာ လွန်စွာတင်းမာလျက်ရှိသည်။အသားရောင်ပေါ်တဲ့နေရာတိုင်းမှာ တက်တူးများပြည့်နေပြီး အရပ်ရှည်ရှည်နဲ့ထွားသည့်ကိုယ်တွေကြောင့် နဂိုမကျယ်ဝန်းသည့် ဆေးခန်းလေးမှာ စုစုပေါင်းလူ၆ယောက်နဲ့တင်ပြည့်ညှပ်သွားလေသည်။
"ဒေါက်တာ ဒီကောင့်ကို တစ်ချက်လောက်ကြည့်ပေးပါ ခေါင်းက ဒဏ်ရာ သွေးထွက်များနေလို့"
ထိုအဖွဲ့ထဲမှ လူကောင်အကြီးဆုံးဟု ယူဆရသူက ပြောသည်။အသံမှာ တလေးတစားရှိ၏။ ခေါင်းကနေ ပခုံးထိသွေးတွေစီးကျနေသော လူနာအား တစ်ချက်ကြည့်လိုက်ပြီး အိပ်စင်ပေါ်ခေါ်လာဖို့ ညွှန်ပြလိုက်သည်။
လူနာက သတိမလစ်သေးသော်လည်း တော်တော်နာနေတာကြောင့် သိပ်တော့မလှုပ်နိုင်။ခေါင်းကွဲရုံတင်မက လက်တွေမှာပါ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။ထိုသူလေးယောက်ဘက် ပြန်လှည့်ကြည့်တော့ လက်ဆစ်တွေနီရဲသည့်အပြင် ရန်ဖြစ်ထားသော လက္ခဏာရပ်အပြည့်အဝရှိနေ၏။

DU LIEST GERADE
Painting On The Skin
RomantikBlack and white, but they are the most compatible colors in the world. Own Creation by ZReed_Feb29 Cover by Pinterest