"ကိုယ်က လှတယ်ဖြစ်စရာလား ၊ အက္ခရာ အမြင်မှားလို့ဖြစ်ပါလိမ့်မယ်"
ခပ်တည်တည်ပင် ချောင်းဟန့်ကာပြောလိုက်တော့ သူက မျက်ခုံးတစ်ဖက်ပင့်ကြည့်လာသည်။ထို့နောက် ပန်းချီပြခန်းထဲကနေ နှစ်ယောက်အတူထွက်လာပြီးမှ
"ကျန်တော်က ကာလာပဲ ဘလိုင်းတာ ၊ ဗျူးတီးမဘလိုင်းဘူးဗျ"
ရုတ်တရက် သူပြောတာကို ကိုယ်နားမလည်။ပြီးမှ သဘောပေါက်ကာ "ဟုတ်ပါပြီ"ဟု ထောက်ခံသည့် အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အခု အိမ်ပြန်တော့မှာလား"
"ဒေါက်တာ အချိန်ရသေးလား"
အမေးကို အမေးနဲ့တုန့်ပြန်၏။
"ကိုယ့်ဆေးခန်းက တစ်နေကုန်ပိတ်တယ် "
"ဒါဆို မန္တလေးတောင် ဆက်တက်ကြတာပေါ့"
"အက္ခရာရော ၊ ဒီနေ့လပြည့်နေ့ဆိုတော့ ဆိုင်မှာလူကျတယ်မလား"
"အာ အေးဆေး ၊ ဆိုင်မှာက တက်တူးဆရာတွေ များပါတယ်"
ဘုရားကြီးကနေ အထွက် သူပြောပြလို့ သိရသည့် မန်းမြို့စျေးထဲကနေ မုန့်လုံးကြီး ဆီစိမ်နဲ့ သီးသီးပေါင်းကို ဝင်ဝယ်သေးသည်။ထို့နောက် မနက်စာကို လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဝင်စားပြီးမှ မန္တလေးတောင်ဘက်သွားသည့်လမ်းကို ဆက်မောင်း၏။ဆိုင်ကယ်ပေါ်လိုက်နေရင်း ရှည်လျားတဲ့ မြို့ရိုးကြီးကိုငေးကြည့်ရတဲ့ အရသာက သိပ်ကိုထူးခြားသည်။နီညိုရောင် အုတ်ချပ်ကြီးတွေကို ရေပြင်ကျယ်ကာရံထားပြီး ကားလမ်းဘေးမှာရှိသည့် ကုက္ကိုလ်ပင်ကြီးများနှင့် ပေါင်းစပ်လိုက်သောအခါ လွမ်းမောခြင်း၊အရှိန်အဝါရှိခြင်းနှင့်အတူ ထိုအခိုက်အတန့်အား နှစ်သက်ခြင်းဆိုတာတွေ တစ်ပြိုင်တည်းဖြစ်ပေါ်စေသည်။
ကျုံးမြို့ရိုးကြီးတစ်လျှောက်မောင်းလာပြီး ကျုံးထောင့်အဆုံးရောက်သည်အထိ ဆက်မောင်းသွားလျှင် မန္တလေးတောင်ကြီးကို နီးနီးကပ်ကပ်မြင်နေရပြီဖြစ်သည်။
"ဒီတည့်တည့်ကို မောင်းသွားရင် မန္တလေးတောင်ခြေရောက်ပြီး ၊ ညာဘက်ကို ကွေ့လိုက်ရင် ကုသိုလ်တော်ကို ရောက်တယ် ဒေါက်တာ၊ ဘယ်မှကွေ့စရာမလိုတဲ့ ဘယ်ဘက်ဘေးက ကျောက်တော်ကြီးဘုရား၊သီတင်းကျွတ်မှာ ကျောက်တော်ကြီးပွဲဆိုရင် သိပ်စည်တာဗျ၊ ကျွန်တော်တို့ ငယ်ငယ်က ၁၂ပွဲတွေအကုန် ဒီမှာရုံသွင်းပြီး'က'တာလေ စျေးတန်းဆိုလည်း မုန့်သည်မျိုးစုံနဲ့ တိုးလို့တောင်မလွယ်ဘူး"

CZYTASZ
Painting On The Skin
RomansBlack and white, but they are the most compatible colors in the world. Own Creation by ZReed_Feb29 Cover by Pinterest