Ep-7(Unicode)

12.4K 1K 50
                                    


အထက်တန်းကျောင်းတစ်ကျောင်းမှာ ကျောင်းသားအများစုမသွားချင်သော နေရာက ရုံးခန်းဟုဆိုလျှင်မှားမည်မထင်ပါ။ငယ်ငယ်ကတည်းက အပြစ်ကျူးလွန်ပြီး ရောက်ခဲ့သည်ဆိုတာ တစ်ခါမှ မရှိသေးတဲ့ ကိုယ်ဟာ (၉)တန်းကျောင်းသားအရွယ်မှာ ကျောင်းအုပ်ရုံးခန်းသို့ စိတ်အားငယ်ထိတ်လန့်စွာရောက်ရှိနေသည်။

"မိဘတွေကိုပြောရမှာ အားနာပေမယ့် မပြောလို့လည်းမဖြစ်လို့ပါ"

စားပွဲထိပ်ဆုံးမှ ကျောင်းအုပ်ကြီးအသံဟာ အချင်းချင်းယှက်နွယ်ထားသည့် ကိုယ့်လက်များအား ပို၍တုန်လှုပ်သွားစေသည်။ဘေးမှာရှိတဲ့ မေမေကို မော့မကြည့်ရဲ။မျက်နှာချင်းဆိုင်ထိုင်နေသည့် မိမိနဲ့ရွယ်တူ ၉တန်းကျောင်းသားနဲ့ သူ့အဖေကိုလည်း ကိုယ်မျက်နှာမပြရဲပါ။နှစ်ဦးသဘောတူ ကျူးခဲ့သည့်အမှားဆိုသော်လည်း ကိုယ်သည်သာလျှင် ခန္ဓာကိုယ်တစ်ခုလုံးတဆတ်ဆတ်တုန်ရီကာ ကြောက်နေမိသည်။

"ဒီလိုကိစ္စတွေက နှစ်တိုင်းကြုံနေကျဖြစ်ပေမယ့် အခုတစ်ခေါက်က ယောကျာ်းလေးချင်း မဖွယ်မရာဖြစ်နေတာ အတော်ဆိုးတယ်ဗျ၊ ကာယဆရာသာ အိမ်သာမှာသူတို့နှစ်ယောက်ကို မတွေ့ခဲ့ရင် မဖြစ်သင့်တာ ဖြစ်ကုန်တော့မယ်"

ကျောင်းအုပ်ဆရာကြီးရဲ့ စကားဆုံးတော့ တစ်ဖက်ကျောင်းသားရဲ့ အဖေက ဆဲသံမျိုးစုံဖြင့် သူ့သားကိုထိုးကြိတ်ပစ်နေသည်။ကြောက်လန့်လွန်းလို့ ကိုယ် မော့မကြည့်ရဲပါ။ သူတို့နှစ်ယောက်ကိုတရားခံလို ရုံးခန်းသို့ဂုတ်ကနေဆွဲခေါ်လာသည့် ကာယဆရာနဲ့ ကျောင်းအုပ်ကြီးက ဝင်တားမှ ရပ်၏။ပင့်သက်ရှိုက်တော့ ဘေးမှာရှိနေသော မေမေကိုယ်မှ ရေမွှေးနံ့သင်းသင်းလေး ရသည်။ထိုရေမွှေးနံ့လိုပဲ တည်ငြိမ်ပြီး ကျက်သရေရှိသော မေမေက ဘာစကားတစ်ခွန်းမှ ဝင်မပြောပါ။တစ်ဖက်ကျောင်းသားကို သူ့အဖေရိုက်နှက်သလို ကိုယ့်ကို မေမေ ပါးရိုက်လိုက်တာကမှ ခံသာသေးသည်။ယခုလိုငြိမ်နေတာက ပိုလို့ပင် ကြောက်စိတ်ဖြစ်စေ၏။

"ကျွန်တော်နဲ့ မဆိုင်ဘူး အဲ့အ‌ခြောက်က အတင်းလာနမ်းတာ"

ကြောက်စိတ်တွေကိုမေ့ကာ ကိုယ့်ရဲ့ ခေါင်း ဆတ်ခနဲထောင်သွား၏။မိမိဘာကိုစိတ်ဝင်စားသလဲ ကွဲကွဲပြားပြား စတင်သိရှိလာသည့် လူတစ်ယောက်က အချစ်ဆုံးသူငယ်ချင်းဖြစ်သူကို ရင်ဖွင့်မိသည်။ယုံကြည်ရမယ်ထင်လို့။ ဖေးမလိမ့်မယ်ထင်လို့ ပြောပြလိုက်ပေမယ့် လက်တည့်စမ်းချင်သော သူငယ်ချင်းဟာ မိမိစိတ်ကိုခုတုံးလုပ်ပြီး တွဲဖို့ပြောသည်။ကြောင်အနေသော ကိုယ့်ကို နမ်းဖို့လုပ်နေရာမှ ဆရာမိပြီး အခုလို ရုံးခန်းရောက်လာတာ။အဖြစ်အပျက်အမှန်တရားတွေကို နှုတ်က ဖွင့်မပြောနိုင်အောင်အထိ သူ့စကားများကိုယ့်ကို အပြင်းအထန်ထိုးနှက်နေသည်။

Painting On The SkinWhere stories live. Discover now