Ep-9(Unicode)

11.4K 1K 75
                                    




သီတင်းကျွတ်လပြည့်နေ့ ဆေးခန်းပိတ်သော်လည်း ကိုယ်ဘယ်မှမသွားဖြစ်။ ဆိုင်တံခါးပိတ်ကာ အတွင်းထဲမှာ နေဖြစ်သည်။အတိတ်ကအကြောင်းအရာများကို မတွေးမိအောင် စာအုပ်တစ်အုပ်ဖတ်နေသော်လည်း နှစ်စဥ်နှစ်တိုင်းခြောက်လှန့်သည့် အကြောက်တရားမှာပျောက်ပျက်မသွားပါ။ဒီနေ့လည်း အပြင်ဘက်မှကလေးတွေ ဗြောက်အိုးဖောက်သံကြားတိုင်း ကိုယ့်ရင်ဘတ်တစ်ခုလုံး တုန်လှုပ်‌ခြောက်ခြားလျက်လန့်နေဆဲဖြစ်သည်။စာအုပ်ကို ကိုင်ထားသည့် လက်များတုန်ရီသွားချိန် စိတ်ထဲပထမဆုံး သတိရမိတာက အက္ခရာ။

ဒါပေမယ့် လပြည့်နေမှာဆို ပိုပြီးအလုပ်များနေသော သူမို့ မနက်ကတည်းက ကိုယ့်ဆီရောက်မလာခဲ့။သူ့ဆီလိုက်သွားဖို့ကလည်း လူရှုပ်နေတဲ့ကြားက ကိုယ်ကပိုရှုပ်သလိုဖြစ်နေမည်။ထို့ကြောင့် စာအုပ်ကိုချကာ အပေါ်ထပ်တက်လာပြီးသာ အိပ်နေလိုက်၏။အပြင်ကအသံတွေမကြားရ‌‌‌အောင် အက္ခရာလာအိပ်တိုင်း အုံးလေ့ရှိသည့် ခေါင်းအုံးကိုဆွဲယူကာ မျက်နှာရောနားပါဖုံးသည်အထိ အုပ်ထားလိုက်သည်။ကိုယ်သုံးလေ့မရှိသော ရှောက်သီးအနံ့လို ခေါင်းလျှော်ရည်အနံ့သင်းသင်းလေးရရှိနေပြီး ထိုအနံ့လေးကပဲ စိတ်ငြိမ်စေကာ အိပ်ပျော်သွား၏။

အမြင်အာရုံတစ်ခုလုံး မီးခိုးများနှင့် ဖုံးအုပ်ထားသည်။ပျဥ်ထောင်အိမ်ကြီးရဲ့ ခေါင်တွေ၊နံရံတွေမှာ တမြည့်မြည့်စွဲလောင်နေသောမီးတောက် မီးညွှန့်များ။ထိုမီးတောက်တွေကြားထဲမှာ ဖေဖေကို လိုက်ရှာနေမိသည်။ အိပ်ခန်းနှစ်ခန်းနဲ့ စာဖတ်ခန်း၊နောက်ပြီး ဧည့်ခန်း မှာပတ်ရှာပေမယ့် မတွေ့၊နောက်ဆုံး မီးဖိုခန်းမှာ ကျောပေးရပ်နေသော ဖေဖေကိုတွေ့သည်။ကိုယ်ဝင်သွားဖို့လုပ်တုန်း ရုတ်တရက် မီးဖိုခန်းရဲ့ နံရံဟာမီးတောက်များနဲ့အတူပြိုကျလာ၏။ အသံကုန်ဟစ်အော်ခေါ်လိုက်ပေမယ့် မည်သည့်အသံမှမထွက်။မီးတွေကြားထဲ ပျောက်ကွယ်သွားသောဖခင်ဖြစ်သူကို မျက်စိရှေ့မှာမြင်လိုက်ရပေမယ့် ရပ်ကြည့်နိုင်ရုံသာ။ကိုယ့် ခြေထောက်များလှုပ်လို့မရ။မီးကြီးခဲများပေါ်နင်းထားပေမယ့် အပူဒဏ်ကိုမခံစားမိပေ။လက်ထဲမှာကိုင်ထားတာက မီးခြစ်တစ်လုံးနဲ့ ထင်းရှူးဆီဖက်တစ်ခု။မဆော့သင့်တဲ့အရာက ကိုယ့်လက်ထဲတွင် ကစားစရာတစ်ခုလိုရှိနေသည်။

Painting On The SkinWhere stories live. Discover now