Ep-5(Unicode)

15.1K 1.2K 131
                                    


ရှပ်လက်ရှည်အဖြူကိုယောပုဆိုးနဲ့တွဲ၍ ဝတ်ကာ မျက်နှာပေါ်သို့ နေလောင်ဒဏ်ခံသည့် ခရင်လိမ်းလိုက်သည်။ထို့နောက် ခြေဖမိုးနဲ့လက်ဖမိုးကိုပါ UV lotion ထပ်အုပ်ပြီး နောက်ဆုံး အများကြီးပုံသွင်းနေစရာမလိုတဲ့ဆံပင်ခပ်အုပ်အုပ်ကို နှဖူးအထပ်လှန်တင်လိုက်သည်။မှန်ထဲမှာပေါ်နေသည့် မိမိ ပုံစံကို စိတ်ကျေနပ်သလို တစ်ချက်ပြုံးလိုက်ပြီး လက်ကနာရီထံငုံ့ကြည့်တော့ ၇နာရီထိုးဖို့ ၁၀မိနစ်အလို။

အိပ်ရာဘေးစားပွဲအပုလေးပေါ်က ပိုက်ဆံအိတ်နဲ့ ဖုန်းကို သရေလွယ်အိတ်ထဲပေါင်းယူကာ အောက်ထပ်ဆင်းလာလိုက်သည်။ဆေးခန်းပိတ်ရက်နဲ့လပြည့်နေ့တိုက်သည်မို့ အပြင်သွားချင်လားမေးတဲ့အခါ ရောက်ကတည်းက မဖူးရသေးသည့် မဟာမြတ်မုနိဘုရားကြီးထံသွားဖူးချင်သည်ဟုဖြေလိုက်မိသည်။သူ့အတွက် အလုပ်ရှုပ်မယ့်ရက်ဆိုတာ သတိရပြီး ပြန်ငြင်းသော်လည်း စကားတစ်ခါပြောပြီးရင် ဖြစ်တဲ့အတိုင်းလုပ်ကိုလုပ်လိုက်ရမှဆိုတဲ့ မန္တလေးသားကို ကိုယ်ပြိုင်မငြင်းနိုင်ပါ။

ဆေးခန်းထဲက စောင့်လို့ရပေမယ့် ပထမဆုံးသူ့အနောက်ကနေ ဆိုင်ကယ်လိုက်စီးရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားစွာ အပြင်ကအထိရပ်စောင့်နေမိသည်။၇နာရီထိုးဖို့ ၅မိနစ်အလိုတွင် လမ်းကြားထဲမှ ထွက်လာသည့်ဆိုင်ကယ်ကိုမြင်ရ၏။ဆိုင်ကယ်ဦးထုပ်မဆောင်းရသေးတဲ့ သူက ပြုံးပြနေရင်းကနေ ကိုယ်ဝတ်ထားတဲ့ပုံကို မြင်တော့ ဘရိတ်ကိုဖြစ်သလိုဆွဲအုတ်လိုက်တာကြောင့် ‌နောက်ဘီးထောင်မလိုတောင်ဖြစ်သွားသည်။ခြေမျက်စိထိဖုံးနေတဲ့ ကိုယ့်ပုဆိုးရယ် ဆိုင်ကယ်အမြင့်ကြောင့် ဒူးထိ'မ'ထားတဲ့သူ့ ပုဆိုးက ဘေးအဖြူစင်းပါသည့် ယောအနက်ရောင်ဆင်တူ။ကိုယ်က လက်ကောက်ဝတ်အထိကြယ်သီးတပ်ထားပြီး သူက တံတောင်မှာခေါက်တင်ထားတာကလွဲရင် တိုင်ပင်ပြီးဝတ်လာသည့်အတိုင်း ရှပ်အင်္ကျီအဖြူဟာတစ်ပုံစံတည်း။

ငေးကြည့်နေတဲ့ မျက်ဝန်းတွေကြောင့် မနေတတ်စွာ ချောင်းဟန့်လိုက်ပြီး

"ကိုယ် ပြန်လဲလိုက်ရမလား "

"အာ မလဲပါနဲ့၊ ဘုရားသွားကျောင်းတက်ကတော့ ဒီလိုဝတ်ကြတာချည်းပါပဲ အဆင်ပြေပါတယ်"

Painting On The SkinWhere stories live. Discover now