Ep-10(Unicode)

12.2K 1K 47
                                    



"ဖြစ်ပါ့မလား အက္ခရာ"

"ဖြစ်ပါတယ်"

"လဲမယ်ထင်တယ်နော်"

"မလဲဘူး စိတ်ချ"

"အက္ခရာ မရလောက်ဘူး "

" ကျွန်တော်တစ်ယောက်လုံးရှိပါတယ်"

ဆိုင်ကယ်တွေ ကားတွေရှုပ်နေသည့် လမ်းမဟုတ်ဘဲ မြေသားလွင်ပြင်အလွတ်ထဲမှာတောင် ကိုယ်မရဲဘဲတွန့်ဆုတ်နေသည်။ ညာဘက်က လီဗာကို ဖြည်းဖြည်းချင်းဆွဲစေပြီး ဘယ်ဘက်မှာတော့ ဘရိတ်ကိုလိုအပ်ချိန်တိုင်းဖမ်းလို့ရအောင် လက်ဖဝါးဖြန့်၍တင်ထားသည်။လက်နှစ်ခုထပ်နေတယ် ဆိုပေမယ့် အောက်က ကိုယ့်လက်ကိုမမြင်ရ။ ရှည်သွယ်ပြီး ကြီးမားသည့် အက္ခရာရဲ့ လက်များက နှစ်ဖက်လုံးပေါ်အုပ်ကိုင်ထား၏။

နောက်ကျောဘက်မှ အနွေးဓာတ်ကို ခံစားရသည်။တစ်ကိုယ်လုံးအုပ်မိုးထားသော်လည်း သူရင်ဘတ်နဲ့ မထိ။သို့သော် ထိကပ်လုနီးပါးရှိနေတယ်ဆိုတာ သူ့အသက်ရှူသံနဲ့ လေငွေ့ က ကိုယ့်ပါးကိုလာရိုက်နေတာကြောင့် သိနိုင်သည်။ဆိုင်ကယ်ပေါ်ကိုယ်တိုင်မောင်းရတော့မယ်ဆိုတဲ့ စိတ်နဲ့အတူ ဒီလိုသင်ပေးရတာကို အခုမှ လက်တွေ့သိတာကြောင့် အသက်တောင်ဖြောင့်ဖြောင့်မရှူမိ။ခန္ဓာကိုယ်ကို တတ်နိုင်သမျှကျုံ့ကာ တောင့်ထားမိသည်။

အက္ခရာရဲ့ ပခုံးပေါ်မှောက်ပြီး ငိုခဲ့တဲ့ ညက ဘယ်လိုရသွားတဲ့ ခွန်အားတွေလဲတော့မသိ၊မနက်လင်းတော့ ကိုယ်ဆိုင်ကယ်စီးသင်ချင်တယ်ဟု ပြောလိုက်မိသည်။ကြောက်စိတ်တွေကို ပြန်တွန်းလှန်ဖို့ စိတ်ကူးမိရာကနေ မန္တလေးမှာ ဆိုင်ကယ်မစီးရဲတဲ့ အရာကနေ အရင်စမယ်လို့ တွေးပြီး ပြောလိုက်ခြင်းဖြစ်၏။သူက ခဏ ငြိမ်သွားပြီးမှ နောက်တစ်ခါပိတ်ရက်မှာ သင်ပေးမယ်လို့ပြောသည်။

ပိတ်ရက်မရောက်ခင်တစ်ရက်အလိုမှာ သူ တစ်နေကုန်ရပ်ကွက်ထဲမှာမရှိ။မနက်ခင်းကတည်းက ထွက်သွားတာကို ဆေးခန်းထဲကနေလှမ်းမြင်လိုက်သည်။ညနေ ၅နာရီလောက်မှ ပြန်ရောက်လာပြီး ကြားနေကျ ဆိုင်ကယ်သံမဟုတ်တော့ဘဲ အသံမြည်ရုံလေးသာထွက်သည့် ဆိုင်ကယ်တစ်စင်းဖြစ်နေ၏။

Painting On The SkinWhere stories live. Discover now