P.Aနမ်က ကျွန်တော့်ရှေ့တွင် လက်နှစ်ဖက်နောက်ပစ်၍ ခေါင်းငုံ့ရပ်နေသည်။ဘော်ဒီဂတ်ပီအေတို့၏ထုံးစံ,မျက်နှာကိုအသေကောင်အတိုင်း ခံစားချက်မဲ့ တည်ထားပါသော်လည်း ပီအေ့မျက်နှာတွင် စိုးရိမ်သည့် အရိပ်အငွေ့ ၊စိတ်မလုံခြင်းများ ဘွင်းဘွင်းပေါ်နေသည်။
“သားကို ခင်ဗျားကိုယ်တိုင် ကျောင်းပို့ခဲ့တာ ဟုတ်သလား”
“ဟုတ်ကဲ့”
ဆတ်ခနဲ မျက်ခွံစိုက်ချသည်။ကျွန်တော့်အကြည့်ကို သိသိသာသာ ရှောင်ရှားသည့်သဘော။
စာရွက်ဖြူတွင် ဖိထောက်ထားသော ဘောပင်၏ထိပ်ဖျားဆီ ပီအေက ၎င်းအကြည့်ကို တန့်၍ အောက်နှုတ်ခမ်း မသိမသာ ကိုက်ထားသည်။
“ဖောက်!”
“ကျုပ်မျက်နှာကိုကြည့်စမ်းပါ”
ဘောပင်၏ထိပ်မှ နှိပ်ဖိရသော ဘုသီးကို စားပွဲမျက်နှာပြင်နှင့်ဖိ၍ ပိတ်ချပစ်ရင်း ကျွန်တော့်အသံက သိသိသာသာ မာဆတ်သွားသည်။
“သခင်လေးကို ကျွန်တော် ကျောင်းအထိ လိုက်ပို့ပေးခဲ့တာ ဟုတ်ပါတယ် သူဌေး”
“ဟက်”ခနဲ ကျွန်တော် ရယ်ချမိသည်။ဒီလိုဆို “ဂျွန်ယောင်းက အားကစားပွဲမှာ ရှိမနေပါဘူး၊ကျောင်းမလာပါဘူး”ဆိုသော အတန်းပိုင်ဆရာမ၏ နှုတ်ထွက်စကားက ဘာလဲ။ဟာသကြီးလား။ကျွန်တော်ကိုယ်တိုင် ကျောင်းသို့ဆိုက်ဆိုက်မြိုက်မြိုက် သွားမေးထားသည့်ကိစ္စ။ဘယ်ဟာက အမှန်အကန်၊ဘယ်ဟာက အလိမ်အညာ….ကျွန်တော်ကောင်းကောင်းသိသားပဲ။
“ကျွန်တော်မညာပါဘူး။ကျောင်း၀န်းထဲ သခင်လေး၀င်သွားတဲ့အထိ ကျွန်တော်စောင့်ကြည့်နေခဲ့တာပါ။ဆယ်မိနစ်လောက်ကြာမှ ပြန်ထွက်လာခဲ့တာ”
P.Aက ရဲရဲဝံ့ဝံ့ပြောချသည်။ခေါင်းထဲ တဆိတ် ရှုပ်ထွေးသွားရပြန်သည်။ဒီလိုဆို ကျောင်းထဲကနေပြီး သား ဘယ်လို ပြန်ထွက်သလဲ။ဆရာ့ခွင့်ပြုချက်မှ မရှိဘူးဆို သားတို့ကျောင်းက သတ်မှတ်ချိန် မရောက်မခြင်း ထွက်ခွင့်ပေးတာမဟုတ်။
“ဒီလိုဆို ဆရာတစ်ယောက်ယောက်ရဲ့ ခွင့်ပြုချက် လိုလိမ့်မယ်။သားအတန်းပိုင်ဆီ ဖုန်းဆက်။သားကို အပြင်ထွက်ဖို့ ဘယ်ဆရာ ခွင့်ပြုသလဲ ကျုပ်သိချင်တယ်။”