“ကိုကို အသီးတွေကို ခပ်ကြီးကြီးထဲကပဲ ရွေးကောက်ပေးနော်”
“ထယ်ယောင်းလေးက ဇီးသီးကြိုက်တာလား”
“ဟုတ်ကဲ့”
စံအိမ်တော်သို့ ကိုကို အလည်လာသည့်နေ့ဆို ကိုယ် အင်မတန် ပျော်သည်။ကိုကိုတို့အိမ်နှင့် ဒီစံအိမ်ကြီးက ရပ်ကွက်ခြားနေတော့ ဟိုအိမ်နှင့်ဒီအိမ် ကူးလူးသွားလာခြင်း လုပ်ရန်ခက်၏။ကိုကိုကလည်း သင်တန်းတစ်ဖက်၊အလုပ်တစ်ဖက်က ရှိတော့ စနေ၊တနင်္ဂနွေရက်များမှ မာနခဲဆီ အလည်လာရင်း ကိုယ်နှင့်အတူ ဘတ်မင်တန်ပဲဖြစ်ဖြစ်၊ဘောလုံးပဲဖြစ်ဖြစ် ကစားတတ်သည်။သူနှင့်အမြဲ စာချည်းလုပ်နေရတော့ ကိုယ်ကလည်း ပျင်းသည်။သည်တော့ ကိုကို့ဘက်က “အတူကစားရအောင်၊လာခဲ့ ထယ်ယောင်းလေး”ဟု ခေါ်လျှင် ပြေးသွားလိုက်တာပဲ။အခုလည်း ဘောလုံးကစားပြီး၍ အတော်ကလေး ပြိုင်းသွားတော့ ခြံထောင့် ဇီးပင်အောက်တွင် ဇီးသီးလာကောက်ကြသည်။
“စနေ၊တနင်္ဂနွေမျိုးဆို အိမ်မှာ စားစရာ မုန့်ပဲသရေစာဘာမှ မရှိဘူး။အဲဒါ မမနဲ့ကျွန်တော် အင်းထဲက ဇီးပင်တွေဆီသွား၊ဇီးသီးကောက်စားကြတာ”
“ပျော်စရာကြီးနေမှာပဲ”
“တစ်ခါတစ်လေဆို လမ်းထိပ်က ခွေးကြီးတိုနီနဲ့ နားပန်းတွေဘာတွေ ဖက်လုံးသေးတာ။ဒီကောင်ကြီး သဘောသိပ်ကောင်းတာ ကိုကိုရ။လူတွေ သူ့ကိုဘယ်လိုလုပ်လုပ် ငြိမ်ပြီး၀ပ်ခံနေတာ။ကျွေးသမျှ အကုန်စားတယ်။သူရှိတော့ ရပ်ကွက်ကိုလုံရော။သူခိုးမကပ်ရဲဘူး”
ကိုကိုက ကောက်ရထားသော ဇီးသီးအယ်အယ်ကြီးများကို အိတ်တစ်လုံးဖြင့် ကောက်စုသိမ်းလိုက်ပြီး အိတ်ကို မြှောက်ပြသည်။တောင်းတစ်တောင်း အပြည့်စာလောက်ရတော့ ကိုယ့်မှာ ဇီးသီးအမုန်းစားရပြီဟူ၍ ကြိတ်ပျော်လေသည်။
“ထယ်ယောင်းလေးပြောတဲ့ တိုနီကြီးကို ကိုကိုဖြင့်အိမ်ခေါ်ထားချင်လိုက်တာကွာ၊ဒီကောင်တွေနဲ့လည်း အဖော်ရမှာကွ”
ကိုကိုက အနောက်မှ အမြီးတနှံ့နှံ့ဖြင့် သခင့်ထံပါး ကပ်ချင်ကြသော သူ့ခွေးနှစ်ကောင်ကို ပွတ်သပ်၍ မြှူလိုက်သည်။ကိုယ်ကလည်း ခွေးချစ်တော့ ပါ၀င်၍ မြှူ၏။တွေ့စချိန်က တဂဲဂဲဖြင့် မာန်ဖီရန်စောင်တတ်သော ဒိုဘာမင် ခွေးနက်ကြီးမှာ အခုတော့ ကိုယ့်ကို လှည့်လိုက်ပတ်လိုက်၊မျက်နှာကို သူ၏လျှာပြားကြီးနှင့် တဘတ်ဘတ်လျှက်လိုက်ဖြင့် ခင်ရကောင်းမှန်း သိနေပြီ။မမမြင်လျှင် အူတိုအုံးမည့် အဖြစ်။ဟိုပေါက်စဖြူလုံးကလေးသည်က အမြီးတနှံ့နှံ့ဖြင့် ကိုယ်ပေါင်ပေါ် တက်ခုန်၍ တစ်ပတ်လည်နေတတ်၏။တစ်ခါတစ်ရံ ပတတ်ရပ်၍ ကိုယ့်လည်ပင်းဆီ သူ့လျှာနီနီကလေးဖြင့် လှမ်းလှမ်းလျှက်တတ်သေးသည်။