(Targetက မြန်မြန်ပြည့်သွားတာပဲ😘တိတ်တိတ်လေး ဖတ်မသွားကြလို့ အများကြီး ကျေးဇူးတင်ပါတယ်နော့။ဒီတော့ ကတိပေးထားတဲ့အတိုင်း ရေးပေးရမှာပေါ့။ဒီကနေ့ ကျွန်တော်အလုပ်ကလေး နည်းနည်းရှုပ်မှာမို့ ရေးမပေးနိုင်သေးတဲ့အတွက် နက်ဖြန်ခါမှ ရေးဖြစ်လောက်မယ်ထင်ပါတယ်။သန်ဘက်ခါ updateပြန်လာမယ်နော်)
“ပါပါးရေ တကူးတကကြီး သားသားကိုတွေ့ချင်တာ လွမ်းလို့လားဟင်”
“ဟုတ်သေးပါဘူး။ပါပါးကို ဘယ်လိုဆင်ခြေပေးရင် ကောင်းမလဲ။ပါပါးက ငါ့ကို စိတ်ဆိုးမှာ ရာနှုန်းပြည့်သေချာတယ်”
“အဲဒါထက် ဒယ်ဒီ့ကိုရော ဘယ်လိုပြောပြီး လစ်ထွက်ရမလဲ”
ဒယ်ဒီ့ အလုပ်ခန်းအရှေ့တွင် ဂျွန်ယောင်းခြေထောက်ကလေးများ ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်ဖြင့် ကဏှာမငြိမ် ရှိနေသည်။ဦးနှောက်ကတွေး၍ နှုတ်ကလည်း အသံထွက်စဥ်းစားနေရပြီး ဖအေနှစ်ဦးကြား မည်သို့အလှည့်အပတ် လုပ်ရမည်မှန်း မသိတတ်သော ကလေးလေးသည် အောက်နှုတ်ခမ်းလေးကိုက်လျက် ငိုမဲ့မဲ့လေး ဖြစ်နေရှာ၏။
ကိုယ်ရေးသောဇာတ် ကိုယ်နိုင်အောင်ကဖို့ရန်လည်း ဖအေနှစ်ဦးက မိမိထက် လျှင်မြန်ထက်မြက်ပေရာ မကြာမတင် အချိန်အတွင်း ရိပ်မိသိရှိသွားပါက အထောင်းအကြိတ်ကို ကောင်းကောင်းခံရလိမ့်အုံးမည်။ဒယ်ဒီ့ဒေါသက နှယ်နှယ်ရရမဟုတ်သလို ပါပါးအမျက်ကလည်း လျှော့တွက်၍မရ။သြော် ဂျွန်ယောင်းဘ၀ကလေး သနားစရာ။
“သခင်လေး ဘာလုပ်နေတာလဲ”
“ဟီး P.Aနမ်….သားကို ကူညီပါအုံး”
ရှေ့လျှောက်နောက်လျှောက် တောင်လျှောက်မြောက်လျှောက်ဖြင့် အချိန်တစ်ခုကြာသော် ဒယ်ဒီ့အလုပ်ခန်းရှေ့ P.Aနမ်ရောက်လာသဖြင့် ဂျွန်ယောင်း မျက်လုံးလေးများ တောက်ပသွားသည်။အလျင်တစ်ခေါက် ပါတီခိုးသွားသည့်ကိစ္စပြီးကတည်းက ဒယ်ဒီတစ်ယောက် ဂျွန်ယောင်းကို ဘယ်သူငယ်ချင်းအိမ်မှ မလွှတ်တော့ပါဘဲ အိမ်တွင်သော့ခတ်သိမ်းထားခဲ့ရာ ဆင်ခြေတစ်ခုရှာဖို့ ဂျွန်ယောင်းမှာ အတော်ခေါင်းကိုက်ရ၏။