ပဲငပိနှင့်တိုကျန်ကို မြီးရှည်ပွဲထဲ လိုသလောက် တိုင်းထွာထည့်ပြီး ၀က်သားရောပြီးသည့်နောက်တွင် သားရှေ့ ကျွန်တော် ချပေးလိုက်သည်။ဇွန်းနှင့်တူကို အသင့်အနေအထားကိုင်ထားပြီး သားက ပန်းကန်ရှေ့ရောက်တော့ အငွေ့ထောင်းထောင်းထ၍ မွှေးပျံ့လှသော ဝက်နံရိုးဟင်းရည်ကို လက်ကလေးနှင့်ခပ်၍ အနံ့ခံကြည့်နေ၏။“Thanks Daddy။သား မြည်းကြည့်လိုက်အုံးမယ်”
တစ်လုပ်မြည်းပြီး သားက လက်မထောင်ပြသည်။
“Great!စားဖူးသမျှထဲ ဒယ်ဒီ့လက်ရာ ဘယ်သူမှ မမီသေးဘူး”
“ဟုတ်လို့လား”
သားနောက်ကျောသို့ တစ်ချက်ပုတ်၍ သားဘေး ကျွန်တော်ပါ ဝင်ထိုင်သည်။မုန်ညှင်းချဥ်ဘူး ကမ်းပေးရင်း သားက ကျွန်တော့်မျက်နှာဆီ အလိုမကျစွာကြည့်၏။
“မယုံတာလား”
အမေးကိုအမေးနှင့်ပြန်ပိတ်သည်။ကျွန်တော်ပြုံးရ၏။သိပ်စွာပါသော ကောင်ကလေး။သူမှန်လျှင် သိပ်ကြောက်ရပါသော ဖအေကိုတောင် အကြောမခံ….ရန်ပြန်ထောင်ချင်သော ငစွာတူးလေး။
“မင်းပါပါးလက်ရာတော့ ဒယ်ဒီမီမယ် မထင်ဘူး”
သားက နှာခေါင်းတစ်ချက်ရှုပ်သည်။
“ဒယ်ဒီ့ဘက်က ဇာတ်လမ်းစတာနော်”
“မစပါဘူး။ဒယ်ဒီက ဒယ်ဒီသိထားတာကိုပဲ ပြောပြတာ။”
“ဒယ်ဒီ ဟ”
ဝက်ဆီဖတ်တစ်ခုကော်ညှပ်ပြီး သားက ကျွန်တော့်ပါးစပ်ထဲ လှမ်းခွံ့သည်။တစ်ရှူးယူ၍ နှုတ်ခမ်းတစ်ဝိုက် တို့သုတ်ပြီးမှ
“သူ့ဟာနဲ့သူတော့ ကောင်းတာပါပဲ။ပြောရရင် ပါပါးရော ဒယ်ဒီရောက လက်ရာတူတယ်။ဘယ်သူက ဘယ်သူ့ထက် ပိုကောင်းတယ်ဆိုပြီး ယှဥ်လို့မရဘူး။”
သားက သူစားထားသောပန်းကန်ကို သူကိုယ်တိုင်ဆေးသည်။ပန်းကန်ကို ရေစစ်၊လက်ကို ရေစင်အောင် သုတ်ပြီးမှ ကျွန်တော့်ဘက်သို့ သူပြန်လှည့်၏။
“မြီးရှည်ချက်နည်းက မင်းပါပါးကိုယ်တိုင် ဒယ်ဒီ့ကို သင်ပေးထားတာပဲ”