“အခုကစပြီး ဒီအိမ်မှာ ကျွန်တော်နေမယ်။ဒီနေရာက ကျွန်တော်နဲ့လည်း ဆိုင်တယ်”
“ဖြစ်ပါ့မလား သခင်လေးရယ်၊သခင်ကြီးသိရင် မိုးမီးလောင်မဲ့အဖြစ်တွေပါ၊သခင်လေးဂျွန်ယောင်းနဲ့ ခဏတဖြုတ်ပဲဖြစ်ဖြစ် တွေ့ပြီး ပြန်ပါ့လားကွယ်၊လေးလေး ကြားထဲက တောင်းပန်ပါတယ်”
အခန်း၏ ညာဘက်ထောင့်ရှိ ခန်းဆီးလိုက်ကာကို လှစ်ခနဲ ဆွဲဖွင့်၍ မျက်နှာမူလိုက်လျှင် ရနေကျ ယူကလစ်နှင့်ထင်းရှူးနံ့က နှာ၀သို့ တိုး၀င်သည်။ဟော ဟိုးဘက်မှာ ကိုကိုရှိစဥ်က အတူစိုက်ခဲ့ဖူးသော နှင်းဆီခြုံ၊အခုထက်ထိ သူ ထိန်းသိမ်းထားသားပဲ။ဇီးပင်တန်းက ရိုးရာမပျက် အုပ်အုပ်ဆိုင်းဆိုင်းရှိနေဆဲ။တရုတ်မန်ကျည်းပင်ကြီးများ အိမ်တော့်၏ ခြံစပ်ကို အပြိုင်းအရိုင်း လက်တံကြီးများဖြန့်၍ မိုးအုပ်ထားဆဲ၊သမန်းမြက်ရိုင်းကြီးများက အသေအချာ ဖြတ်တိုင်းပုံသွင်းထားတော့ ညီညာတိပနေကြသည်။သစ်ခွစင်တွေ၊သစ်ခွအိုးတွေ၊သူ့ဝါသနာကို အခုထိ သူပျိုးထောင်ထားဆဲပါပဲ။
“ဖြစ်တာပေါ့၊ကျွန်တော့်လက်ထဲ သူနှင်လို့မရလောက်မဲ့ အထောက်အထားတွေမှ အများကြီးရှိထားတယ်။နှင်လေ၊တတ်နိုင်သလောက် နှင်စမ်းပါလေ့”
“ခက်တော့တာပါပဲ”
အိမ်ထိန်းကြီးက အတော်ကလေး အကြပ်ရိုက်လှသဖြင့် ခေါင်းကုတ်ပြီး သက်ပြင်းတချချ ရှိနေသည်။ကိုယ့်အကြောင်း အိမ်ထိန်းကြီး ကောင်းကောင်းသိသားပဲ။ဘူးဆို ဖရုံမသီးတတ်ပါသော သတ္တဝါလေးဟူ၍ အခါများစွာက သူ့သခင် ရေရွတ်ဖူးသည်ကို အိမ်ထိန်းကြီးကြားခဲ့ဖူးသည့်အားလျော်စွာ အိမ့်သခင်ပင် အထိန်းရခက်သော ကိုယ့်ကို အိမ်ထိန်းကြီး အဘယ်သို့ စည်းရုံးနိုင်ပါ့မလဲ။အ၀တ်သေတ္တာကို အခန်းထောင့်တွင် ထောင်လျက်ချထားပြီး၊အ၀တ်အစားတစ်ချို့ ကျွန်းဗီဒိုထဲ ချိတ်နှင့်ချိတ်၍ ကောက်သွင်းလိုက်သည်။အိမ်စီးဖိနပ်လဲပြီး အိပ်ရာပေါ် အခွေလိုက်အခေါက်လိုက် ငြိမ်နေမိတော့ ယခင်က သူနှင့်ကိုယ့်၏ မြူးတူးပျော်ပါးခဲ့ဖူးသော အငွေ့အသက်များ၊သူ့ရင်ခွင်တွင် ခို၀င်၍ ခေါင်းတင်အိပ်စက်ခဲ့ဖူးသော အခိုက်အတန့်များ ရိုးရိုးရိပ်ရိပ် ပြန်ရသည်။ဒီအခန်း၊ဒီနေရာ၊ဒီခုတင်။သူနှင့်ကိုယ် အတူတကွ မျှဝေခဲ့ဖူးသည့် အတိတ်၏ အစိတ်အပိုင်းတစ်ချို့၊ဘာမျှ မပြောင်းလဲသေးပါ။ဟော ဟို အခန်းထောင့်တွင် သူ၏ စာကြည့်စားပွဲနှင့် စာအုပ်စင်ရှိမည်၊အိစက်ပျော့ပြောင်းသလောက် ထိလိုက်လျှင်ပင် နစ်၀င်လုမတတ် ဇိမ်ရှိလှသော ငါးယောက်အိပ် King Size Bedကြီး ရှိမည်။သူနှင့်မလှမ်းမကမ်း ဒီနေရာတွင် ကိုယ့်ခုတင်လေး တစ်လုံး ရှိမည်။