"လာမှာသေချာလားဟင်"
ဆိုင်ပေါက်၀သို့ လည်တဆန့်ဆန့်ကြည့်၍ ပါပါးမျက်နှာဆီလည်း ဂျွန်ယောင်းက ခပ်ပြူးပြူးကြည့်ပြီး ထပ်တလဲလဲ အတည်ပြုမေးလျှင် ငြိမ်သက်အေးဆေးသောအကြည့်ဖြင့် ဂျွန်ယောင်းဘက်သို့ ပါပါးက စိုက်ကြည့်သည်။ခွက်ထဲ ပျော်၀င်လုနီးနီးရှိနေသော မလိုင်ဖတ်ကို ဇွန်းဖြင့် ခလောက်၍ နွားနို့ပူပူကို တစ်ကျိုက်ငုံချိန် ပါပါး ပါးနှစ်ဖက် ဖောင်းလုံးတက်သွားသည်ကို မျက်တောင်မခတ် ဂျွန်ယောင်းငေးတော့ ပါပါးက မျက်ခွံနှစ်ဖက်ပိတ်ကျမတတ် ပြုံးသည်။
"ဒီကမ္ဘာပေါ်မှာ သမ္မတတွေကိုပဲ အလုပ်အများဆုံးထင်တာ။ပါပါး သားကလေးက အလုပ်အများဆုံးပါ့လား"
ကျောပိုးအိတ်ကို လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွပိုက်ပွေ့၍ ကိုယ်လုံးကလေး ငြိမ်ငြိမ်သက်သက် ရှိသော်ငြား လှုပ်ယမ်းနေသော ဖြူဖြူတုတ်တုတ် ခြေနှစ်ချောင်းက ဂျွန်ယောင်းကလေး ကဏှာမငြိမ်ကြောင်း သက်သေပြ၏။ထိုအခိုက် ပါပါး၏ ချိုသာနူးညံ့သော ရယ်သံစွက်သည့် စကားတွင် လည်ပတ်နေသော မျက်ဆံကလေးများ တုန့်ခနဲ ရပ်သွားရပြီး ခြေထောက်နှစ်ဖက်က စိစိကလေးကပ်သွားရှာသည်။ပါပါးအတွက် စိတ်အနှောက်အယှက် ဖြစ်ပုံရပါသည်။ငြိမ်ငြိမ်ကလေးနေဖို့ ဂျွန်ယောင်း ကြိုးစားရအုံးမည်။သည်တော့ ပါပါး မှာပေးထားသော နွားနို့ကို မသောက်ချင်သောက်ချင် မော့ချပစ်ပြီး ဗလာစာအုပ်၏ မျက်နှာပြင်ပေါ် တတုတ်တုတ်ပြေးနေသော ဘောပင်ကလေးကို ဂျွန်ယောင်း နှုတ်ခမ်းစူ ကြည့်နေလိုက်သည်။ဘောပင်အဖြူကလေးက စာရွက်သားပေါ် တုတ်တုတ်ပြေးနေတော့ ဂျွန်ယောင်းမျက်စိထဲ ကြည့်စရာတစ်ခုဖြစ်နေသည်။ဘောပင်ကို ကိုင်ဆုပ်ထားသော ပါပါး၏ လက်ချောင်းကလေးများ သွယ်စင်း၍ ဖယောင်းသဖွယ် ညွတ်ပြောင်းလှ၏။ပါပါးက သူ၏ လက်ချောင်းလှလှကလေးဖြင့် ထိုဘောပင်ဖြူကလေးကို လိုသလို ခိုင်းစေအမိန့်ပေး၍ ၀တ္ထုဇာတ်လမ်းတစ်ပုဒ် ဖန်တီးနေသည်။ဘောပင်ကိုင်သည့် အနေအထားမှာ ဒယ်ဒီ့နှယ် လက်ညှိုးလက်မနှစ်ချောင်းဖြင့် အသာဖွဖော့သည့်ဟန်။နံဘေးရှိ ပါပါး၏ ဟန်းဖုန်းမှ "အချစ်ဦး"သီချင်းက ပါပါး၏စိတ်ကူးကို ကွန့်မြူးစေသည့် တစ်ခုတည်းသော inspirationပါတဲ့။ရေးနေခဲ့သည့် တောက်လျှောက် ဒီသီချင်းတစ်ပုဒ်တည်းကိုသာပဲ ပါပါးကReplayနှိပ်ထားခဲ့တာပါပဲ။