"သူငယ်ချင်း မင်း ယောက်ျားလာနေပြီ"
"ဟိတ်!ကလေးရှိတယ်"
"သြော် အေး မေ့သွားလို့ပါ"
ဒေသစံတော်ချိန် ၁၀နာရီတိတိသို့ ရောက်သော် ပါပါး၏မိတ်ဆွေ ဆိုင်ရှင်အန်တီက
ဂျွန်ယောင်းတို့အနီးရောက်လာပြီး ပါပါးမှာထားသည့်အတိုင်း သတိလာပေးသည်။နှုတ်မှ လွှတ်ခနဲထွက်သော ထိုအန်တီကြီး၏ "မင်း ယောကျ်ား"ဟူသော အသုံးအနှုန်းကြောင့် ဂျွန်ယောင်းနားရွက်ကလေး ဖတ်ခနဲ ထောင်သွား၏။ပါပါးက အတော်လျှင်သည်။ဂျွန်ယောင်းဘက်သို့ ဖတ်ခနဲ မျက်ခွံလှန် အကဲခတ်ပြီး သူငယ်ချင်းအန်တီကိုလည်း လက်ကုတ်၍ တိုးတိုးကြိတ်ကြိမ်းသည်။အရင့်အရင်ကတည်းက ပါပါးနှင့်ဒယ်ဒီ၏ ပတ်သက်မှုမှာ သွေးရိုးသားရိုး မဟုတ်မှန်း ဂျွန်ယောင်းမှန်းထားပြီးသားပဲ။မထင်မှတ်ဘဲ ကြားလိုက်ရတော့ နှစ်ဦးသားကြားက ပတ်သက်ဆက်နွယ်မှုကို ဂျွန်ယောင်းက ရှင်းရှင်းလင်းလင်း သိလိုက်ရပြီး အမြတ်တစ်ခုပိုပါသည်။
သည့်အတွက်ကြောင့်လည်း ဒယ်ဒီ ဘီယာမူးတိုင်း ပါပါး၏အမည်နာမကို နှုတ်မှ ယောင်ယမ်း,တမ်းတတတ်သကိုး။ဒီလိုဆို
ဂျွန်ယောင်းဖေဖေက ပါပါးနှင့်ဒယ်ဒီ့ကြား တတိယလူ ဖြစ်နေခဲ့တာပေါ့။"သား..သားက သေချာလေး လုံအောင်ပုန်းမယ်နော"
"စိတ်ချပါ ပါပါးရဲ့"
အရိပ်အခြည် အကဲခတ်မြန်သော ကလေးလေးသည် ကျောပိုးအိတ်ကလေးကို ဆတ်ခနဲ ပခုံးတွင် လျှိုသိုင်း၍ နေရာမှ ခပ်သွက်သွက် ထပြေးလာခဲ့သည်။ပါပါးနှင့်ဒယ်ဒီ့၏ လှုပ်ရှားမှုကို စားသောက်ဆိုင်၏ မီးဖိုခန်း ကောင်တာအကွယ်မှနေလျက် ဂျွန်ယောင်းက ချောင်းကြည့်နေလိုက်၏။
"VVIP Roomရှိတယ် မဟုတ်လား"
"ရှိတယ်ရှင့်"
"တစ်ခန်းလောက် ဖယ်ပေးပါ"
မကြာပါ၊တီရှပ်ကိုယ်ကြပ်၊ဂျင်းဘောင်းဘီခပ်ကြပ်ကြပ်ဖြင့် လူငယ်ဆန်ဆန် ၀တ်စားထားလျက် အပြတ်အသတ်ရွှိုင်းထားလေသော ဒယ်ဒီတစ်ယောက် ဂျွန်ယောင်းမြင်ကွင်းထဲသို့ ၀င်လာသည်။တပ်ထားသော နေကာမျက်မှန်ကို ဂျင်းဂျာကင်၏အိပ်ထောင်တွင်ချိတ်ပြီး ပါပါး၏နံဘေးတွင်ရပ်၍ ဆိုင်ပတ်ပတ်လည် ဟိုသည်အကဲခတ်၏။ပြီးသော် သူသိလိုရာကို ရုတ်ချည်းမဆိုင်း ထကောက်မေးသည်။အဆင်ပြေပြီဆိုမှ ကြုတ်တင်းထားသော ဒယ်ဒီ့မျက်နှာကြောကြီး ခပ်လျော့လျော့ ပြေ၏။အရှေ့မှ ဦးဆောင်လျက် ဒယ်ဒီက ဆိုင်ခန်း၏ တတိယထပ် VIP roomများသို့ တက်မည်ပြင်လျှင် ပါပါးက မျက်နှာမှုန်သိုးသိုးဖြင့် နေရာက ထသည်။