ဒီကနေ့ သားကို ဟိုမိန်းမကြီးဆီ လိုက်မပို့ဖြစ်ခဲ့ဘူး။
လိုက်ပို့ဖြစ်အောင်ပို့ဖို့ စိတ်ထဲ အသေအချာ တေးမှတ်ထားခဲ့ပေမဲ့ အဖျက်ကောင်က ငါ့စိတ်ကို အတော်ကလေး အနှောင့်အယှက်ပေးတယ်။
တကယ်ဆို ငါ့သားကလေးကို ရိုက်နှက်နေမှာ စိုးရိမ်ရလို့သာ ဒင်းခွင့်ပြုချက်ကို တောင်းရပေမဲ့ သားက ငါ့သား။ငါကိုယ်တိုင် ဗိုက်ထဲက အသက်လုပြီး မွေးထုတ်ထားရတဲ့ ကလေး။
ဖခင်ဆိုတဲ့ အရှိန်အဝါ၊ခေါင်းစဥ်တစ်ခုတည်းနဲ့ သားကို ဒင်း အရာရာ ထိန်းချုပ်ထားလို့ မရပါဘူး၊ငါ့သားကို ငါ တစ်နေ့နေ့တော့ ရအောင် ပြန်ခေါ်မှာ။
မင်းသိအောင် တစ်ခုတော့ ပြောပြချင်တယ် ဂျေ။
တကယ့်တကယ်တမ်း မင်းကို လှည့်စားအသုံးချနေခဲ့တာ ငါနဲ့မင်းမိထွေးမဟုတ်ဘူး!
မင်းမိခင်အရင်းပဲ!
ဒီလိုမိန်းမယုတ်မျိုးနဲ့ ငါ့ကို အဆင့်တစ်ခုတည်းမှာ မင်း နှိုင်းယှဥ်လိုက်တာ သိပ်ရွံဖို့ကောင်းတယ်။
အပြစ်မရှိတဲ့ လူဘယ်နှယောက်လောက်များ မင်းတို့မိသားစုရဲ့ အသုံးချအလှည့်စားခံ ဖြစ်ခဲ့ရသလဲ ငါမသိပေမဲ့ ငါနဲ့ငါ့မွေးစားမိဘတွေ ခံခဲ့ရသမျှက ဘ၀နဲ့ချီတယ်…
မင်းကိုရော၊မင်းမိသားစုကိုပါ တွေးမိတိုင်း တလှိုက်လှိုက် ရွံတယ်၊မုန်းတယ် ဂျေ!
ပေးဆပ်ခဲ့ရသမျှ ငါ့ခံစားချက်တွေ၊အသွေးအသားတွေ၊စစ်မှန်ခြင်းတွေ၊
ဘ၀မှာ မင်းတို့နဲ့ ပတ်သက်တွေ့ဆုံမိခဲ့ခြင်းကိုက ငါ့အတွက် လူဖြစ်ရှုံးခြင်းတစ်မျိုးပဲ။ဟုတ်တယ်၊မင်းနဲ့ငါ အစကတည်းက မတွေ့ခဲ့သင့်တာ။
ရေစက်မဆုံခဲ့သင့်တာ!
မုန်းလိုက်တာ!မုန်းပြီးရင်းကို မုန်းလိုက်တာ!
ချရေးထားသော စကားလုံးများကို တတ်နိုင်မည်ဆိုလျှင် ကျည်တောင့်များအဖြစ် ကိုယ်ပြောင်းပစ်မည်။နာကျည်းမုန်းတီးခြင်းက ကိုယ့်ရင်ဘတ်မှာ ခြစားလာခဲ့တာ အခုတော့ နာစရာတွေကုန်ပြီ၊ကိုယ့်စိတ်တွေ ထုံပါပြီ။