“အူ၀ါး ပါပါးရေ့”
“ပျင်းနေပြီဟုတ်”
“နိုး”
“သွား၊ပျင်းနေရင် စာသွားလုပ်တော့၊ပါပါးတစ်ယောက်တည်း ဆက်ရှင်းမယ်”
“အွန်းဟွန်း မပျင်းပါဘူး”
ငဂျစ်ကောင်လေးတစ်ယောက် ဖအေ့ခါးကို ဖက်မှီပြီး ချွဲသည်။ခေါင်းဖြင့်ဝှေ့သည်။မဖွံ့သော်ငြား ဆယ့်ခြောက်နှစ်သား ကိုယ်လုံးအလေးကြီးဖြင့် မှီတွဲ့ကပ်မြှောင်၍နေလျှင် ကိုယ့်မှာ ကြက်မွှေးတစ်ချောင်းဖြင့် ဖုန်သုတ်နေရင်း သားခန္ဓာကိုယ် အလေးကြီးကိုလည်း ထိန်းရ၏။ကောင်တာပေါ်တွင် သူစီတင်ထားသော ဓာတ်ပုံစတန်းများ ပြုတ်မကျဖို့ရာလည်း ကိုယ့်တာ၀န်။
“ငပျင်းလက်သစ်ကလေး ဟင်..ကျောင်းမှာကျ စာတွေကုန်းရုန်းလုပ်ပြီး ပါပါးနဲ့တွေ့မှ ပျင်းနေတာ ဘာသဘောတုံး”
"ခိခိ"
သားက မျက်ခွံကလေးများ ပိတ်အစ်ကျအောင် ပြုံးရယ်သည်။ခေါင်းရှိ ဆံကောက်ခွေပျော့ကလေးများဖြင့် ကိုယ့်လက်မောင်းဆီ တိုး၍တိုး၍ ပွတ်ခွေ့လာပြီးလျှင်
“ပါပါးကိုယ်နံ့၊ပါပါး ရင်ငွေ့ရယ်လေ။သားကြုံဆုံဖူးခဲ့သမျှထဲ ဘယ်သူနဲ့မှ မတူတာ အမှန်ပဲ သိလား၊ဒယ်ဒီကျ လုံခြုံပြီး နွေးထွေးနေတာဆိုပေမဲ့ ပါပါးကျ ဘယ်အချိန်ချိန်ခိုခို သားစိတ်ထဲ၊ဟိုးနှလုံးသားနက်နက်ထဲထိ သက်သောင့်သက်သာရှိတယ်၊အေးချမ်းတယ်။ပါပါးဆီကရတဲ့ လက်ဖက်စိမ်းနံ့လေးလည်း သဘောကျတယ်။”
“အကြောင်းပြချက်ပေးတာတော့ နားထောင်ကောင်းပါ့၊အေးအေး မင်းဒယ်ဒီ ပြန်လာမှ ဘာစာမှမလုပ်ဘဲ ပါပါးအနားကပ်နေတာသိလို့ တုတ်စာမိရင်တော့ မကောင်းတော့ဘူးဗျ”
“ပါပါးက ကာကွယ်ပေးပေါ့၊တနေ့ညနေက ဒယ်ဒီ့ပေါင်ပေါ် ပါပါးထိုင်ပြီး ချွဲသလို ချွဲလေ...“ဒါလင်ရယ် သားက ဒီနေ့လေးတစ်ရက် ဟန်နီနဲ့ အတူနေချင်လို့ပါတဲ့၊ဒါလင်က ခွင့်ပြုပေးဖို့ ကောင်းပါတယ်၊နောက်ရက်ကျ သားနဲ့အတူတူ ဟန်နီလည်း စာလုပ်ကူမှာပေါ့ကွယ် နော့” အဲဒီလိုလေး ပါပါးချွဲရင် ဒယ်ဒီကြီး ပျော့သွားမှာ သေချာတယ် ဟာဟ”