“အရှေ့ထွက်ခဲ့ ပတ်ဂျွန်ယောင်း”
အတန်းခေါင်းဆောင်ထံက ကြိမ်လုံးရပြီးလျှင် ပါပါးက ကြိမ်ကို လေတွင် တစ်ချက်ဆပြီး ဂျွန်ယောင်းကို အရှေ့သို့ခေါ်သည်။ကုပ်ချောင်းချောင်းဖြင့် အရှေ့ထွက်ရပ်ရ၏။
“ဒီဘောလုံးက မင်းတစ်ယောက်တည်း ဆော့တာ မဖြစ်နိုင်ဘူး။ဘယ်သူ့ကို ပစ်တာလဲ၊ဘယ်ဘက်ကို ပစ်တာလဲ”
အမှန်အတိုင်း ၀န်ခံလိုက်လျှင် သူငယ်ချင်းက ကြားထဲက မဆီမဆိုင် အရိုက်ခံရအုံးမည်။ဂျွန်ယောင်း ခေါင်းယမ်းပြလိုက်၏။ဟိုကောင့်ဘက် တစ်ချက်ကြည့်တော့ မသိချင်ယောင် ဆောင်နေသည်။သူလည်း တုတ်ကိုတော့ ကြောက်မှာပဲ။
“သေချာလား၊ဒီဘောလုံးက မင်းဘာသာ မင်း တစ်ယောက်တည်း စိတ်ကူးပေါက်ပြီး ဆရာစာရှင်းနေမှန်းသိရက်နဲ့ အတန်းရှေ့ကို ပစ်လိုက်တာပေါ့”
“ဟုတ်ကဲ့ ဆရာ၊သား စိတ်ထဲ ကန်ကြည့်ချင်လာတာနဲ့ အရှိန်မထိန်းနိုင်ဖြစ်သွားတာပါ”
ရုပ်တည်ကြီးနှင့်ညာလိုက်သည်။ပါပါးမျက်ခုံး ခပ်တွန့်တွန့်တော့ ဖြစ်သွား၏။ကိုယ်ညာသည်ကို ပါပါးက သိဟန်တူပါသည်။
“စာသင်ချိန်မှာ စာကိုအာရုံမစိုက်ပါဘဲ ကိုယ်လုပ်ချင်ရာ လုပ်တတ်တာကို ဆရာ အမုန်းဆုံးပဲ။မင်းမှာ အပြစ်ရှိလား၊မရှိဘူးလား ပတ်ဂျွန်ယောင်း”
ပါပါးက ဂျွန်ယောင်းမျက်လုံးတည့်တည့် ကြည့်မေးသည်။အင်္ကျီလက်ကို တစ်ချက်ခေါက်တင်၏။ပါပါးက အမှန်ကို ၀န်ခံစေချင်လည်း ဂျွန်ယောင်းက ခေါင်းကြောမာသည်။
“ရှိပါတယ် ဆရာ”
ခေါင်းမော့၍ ဝန်ခံသည်။ပါပါးမျက်လုံး ဆတ်ခနဲ စုံပိတ်ချသည်ကို မြင်လိုက်ရသည်။
“တက်၊ဘောင်းဘီကို ခြေသလုံးပေါ်အောင် ခေါက်တင်ထား”
စတိတ်ပေါ်သို့ ကြိမ်ဖြင့် ညွှန်၍ ပါပါးအမိန့်ပေးတော့ ဂျွန်ယောင်းက တသဝေမတိမ်း လိုက်နာသည်။သလုံးသားပေါ်အောင် ဘောင်းဘီကို ဒူးကောက်ကွေးထိ ခေါက်တင်ပေးပြီး ပေးသည့်အပြစ်ကိုခံယူဖို့အသင့် လက်ကိုတင်းနေအောင် ပိုက်လိုက်၏။