“မောနင်း ဒယ်ဒီ့ဂျွန်ငယ်”
တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့၍ မနက်ဘက်မျက်စိနှစ်လုံး ဖွင့်မိချိန်တွင် ကျွန်တော့်၏ဦးနှောက်ဆဲလ်များ လန်းဆန်းတက်ကြွနေ၏။ထို့ကြောင့် ကျွန်တော့်ရင်ခွင်ထဲ ခွေအိပ်နေသော သားရွှေခဲကို တစ်ချက်နမ်း၍ ခုတင်ပေါ်မှ ဆင်းလျက် ခြေဆန့်လက်ဆန့် ပြုလိုက်သည်။သားအခန်းပတ်ပတ်လည်တွင် အမွှေးဘူးမှထွက်သော လက်ဖက်ဆီမွှေးနံ့လား၊လာဗင်ဒါအနံ့လား ခွဲခြားရခက်သော အမွှေးနံ့တစ်မျိုး ကြိုင်လှိုင်ပျံ့သင်းနေသည်။ယခင်က ဒီအနံ့မျိုး မရခဲ့ဖူးပါ။သားအခန်းထဲ အခြားလူ ၀င်ထားသလားပဲ။
ကျွန်တော့်ကုမ္ပဏီရုံးချုပ်တွင် မနက်ခင်းအစည်းအဝေးရှိသဖြင့် သားအခန်းတွင် တစ်လက်စတည်း ရေချိုး၊မျက်နှာသစ်ပြီး အလုပ်တန်းသွားဖို့ ပြင်လိုက်သည်။ဒီကနေ့ စနေ ကျောင်းပိတ်ရက်၊သားတော်မောင်ခမျာ ကျွန်တော်အလုပ်သွားမှ အိပ်ရာမှ ထမည့်ဟန် ရှိသည်။အိပ်ပုတ်ကလေး။
“သားသား ဒယ်ဒီ ရေအရင်ချိုးမယ်နော ကောင်လေး၊သား အိပ်အုံးမယ်မလား”
“အီးးး ဒယ်ဒီ နာ”
မှောက်ခုံကလေး အိပ်၍နေရာ ကောက်တစ်နေသော သားတင်ဖောင်းလေးက ကျွန်တော်အဖို့ ရိုက်ပစ်ချင်စရာ လုံးတုံ့တုံ့ဖြစ်နေသည်။ဆတ်ဆတ်ကလေး သုံးချက်ချတော့ သားခမျာ ဖင်လေးလိမ်၍ အိပ်မှုံစုန်မွှား ညည်းရှာတော့၏။ကောက်လိမ်လိမ် ဆံအုပ်ကလေးအောက်မှ မျက်ခွံကြည်ကြည်လေးများ ဖူးအစ်နေ၍ သား၏ နှုတ်ခမ်းထူထူကလေးမှာ လှုပ်စိလှုပ်စိ ယောင်ယမ်း၍ ၀ါးနေသည်။သေချာကြည့်မှ သားသည် ကျွန်တော့်မျက်နှာနှင့် ပို၍ပို၍ ဆင်ဆင်တူသည်။ညာဘက်နဖူးစပ်က မှည့်နက်ကလေးကို ယခင်က ကိုကို့နဖူးကင်းက မှည့်နက်ကလေးဖြင့် ကျွန်တော်ယှဥ်ကြည့်ခဲ့ဖူးသည်။အမှန်စင်စစ်တွင် ကျွန်တော့်ထံ၌ တည်နေသော မှည့်၏တည်နေရာသည် သားနှင့်တစ်ထပ်တည်း တူနေသည်ကို လျစ်လျူရှုမိလေ၏။သားတွင် မဖွံ့ထွားသော လက်သည်းအဆံကလေးများရှိသည်။လက်ဆစ်ကလေးများ တုတ်၍တိုဖောင်း၏။ဖြူ၀င်းနှစ်၍ တရုတ်ကလေးနှယ် အသားအရည်လှသော သားကို လူတိုင်းက ကျွန်တော်နှင့်တူသည်ဟူ၍ ပြောကြသည်။ကျွန်တော့်စိတ်တွင် ကိုကိုသည် ကိုရီးယား-ဗမာ ကပြားစပ်၍ သည်မျှဖြူသောအသားအရည်ကို သားက ကိုကို့ထံမှ ပိုင်ဆိုင်ရသည်ဟူ၍ တွေးပစ်ခဲ့သည်။ကျွန်တော် အမှန်တကယ်ပင် အတွေးချော်ခဲ့ပါသည်လေ။