“ခြံရှေ့မှာ ဧည့်သည်ရောက်နေပါတယ် သူဌေး”
သားနှင့်ကျွန်တော် ပြခန်းဆီမှ ထွက်လာခိုက်တွင် P.Aတစ်ယောက် သတင်းလာပေးသည်။ဧည့်သည်…
နေပင်၀င်တော့မည်။ညမိုးချုပ်မှ လာသည့်ဧည့်သည်မျိုး ကျွန်တော့်တွင် မရှိ။အလုပ်ကိစ္စနှင့်ပတ်သက်ပြီး ဘယ်ပါတနာမှ ညပိုင်းတွင်
ဧည့်တွေ့လက်မခံ၊ကျွန်တော့်ကိုယ်ပိုင် အလုပ်ချိန်ကို သီးသန့်ကန့်သတ်ထားပြီးသား။“ဟို အလုပ်ကိစ္စဆို လှည့်ပြန်ဖို့ ပြောထားပါတယ်၊အခုဟာက သူ့ကိုယ်သူ ကင်မ်ထယ်ယောင်းလို့ ပြောပါတယ်၊သူဌေး အလုပ်ကိစ္စနဲ့ မဆိုင်ပါဘူးတဲ့”
P.Aထံ ကျွန်တော့်အကြည့် ဒိုင်းခနဲ ရွေ့တော့ ပြာပြာသလဲ ရှင်းပြသည်။ဒီလိုကိစ္စမျိုးအထိ ကျွန်တော့်ဘက် အသိပေး စီမံခိုင်းလျှင် ဒီကောင့်အလုပ် ကြာကြာဘယ်မြဲပါ့မလဲ။
“ဧည့်ဆောင်ထဲ ခေါ်ခဲ့”
သားအခြေအနေကြည့်ဖို့ လာခဲ့တာ ဖြစ်မှာပေါ့။သားလက်ကို တင်းတင်းဆွဲပြီး အိမ်မဘေးက ဧည့်တွေ့ဆောင်သို့ ကျွန်တော် ဦးတည်လိုက်သည်။
“၀င်ခဲ့ပါတဲ့”
ခြံစောင့်က တံခါးကို အလိုအလျောက်ဖွင့်ပိတ်သည့်စနစ်ဖြင့် ဖွင့်လိုက်သည်။ဝင်လျှင် ၀င်ခြင်း ယူကလစ်ပင်တန်းများမှ မွှေးရနံ့ကိုရသည်။လေအနှော့တွင် ကိုင်းခြင်းခတ်၍ တရှဲရှဲမြည်သံကို အဝေးမှပင် ကြားရ၏။ခြံကြီး၏ အနောက်ထဲတွင် သူနှင့်အတူ စိုက်ခဲ့ကြသော အပင်များ၊ယခုဆို ၁၀စုနှစ် တစ်ခုစာမကတော့။သိပ်ကြီးပြုပြင်ပြောင်းလဲခြင်း မရှိထားတော့ ခြံကြီးက အရင်အတိုင်း အုပ်အုပ်ဆိုင်းဆိုင်း ရှိနေသည်။ခံစားချက်က လေးလေးပင်ပင်။မှတ်မိတာပေါ့။
ဒီခြံကြီးထဲ ဒုတိယအကြိမ်မြောက် ရောက်ဖြစ်ခဲ့ချိန်က ခံစားချက်၊ယခု အခြေအနေနဲ့ မကွဲပြားပါဘူး။
ထိုနေ့၊ထိုနေ့က ကိုယ့်ကံကြမ္မာ သိသိသာသာ ပြောင်းလဲဖို့ အမေက စံအိမ်မကြီးထဲသွားပြီး အိမ်ရှင်းခိုင်းသည်။ဖုန်သုတ်ကြမ်းတိုက်ရင်း ခုံပေါ်တင်ထားသော ကြွေအိုးကြီးကို ကိုယ်က အမှုမဲ့အမှတ်မဲ့ တိုက်ချမိသွား၏။ရုတ်ချည်းမို့ လူက တစ်ကိုယ်လုံး ပူထူသွားပြီး အမေ့ကို အားကိုးတကြီးပြောပြတော့ ဆွေ့ဆွေ့ခုန် ကြိမ်းလေတော့သည်။လျှော်ကြေးမပေးနိုင်ပါဘူးဆိုကာ ဆောင့်ဆောင့်ကြီး ထိုင်ငိုသည်။