“ကိုကိုက မပြောင်းလဲသေးပါလား၊မတွေ့ရတာကြာတော့ နည်းနည်းလောက်ဖြစ်ဖြစ် ပြောင်းလဲသွားမယ် ထင်ခဲ့တာ”
“အပိုတွေ မပြောစမ်းနဲ့၊လာရင်းကိစ္စ တစ်ခါတည်းပြော၊ငါ့အချိန်တွေ ပိုမနေဘူး”
မိရှု။ကျွန်တော့်မိထွေး သူ့အဒေါ်ကို အကြောင်းပြပြီး ဒီကုမ္ပဏီထိ ရောက်ချပေါက်ချလာခြင်းတွင် အကြောင်းမဲ့တော့ မဟုတ်မှန်း ကျွန်တော်ရိပ်မိသည်။
“အလိုတော်၊မတွေ့ရတာကြာလို့ ညီမလေးက ကိုကို့ကို အလာပ သလာပ ခွန်းဆက်စကားပြောရတာပါ။ကိုကို့အချိန်တွေကို မဖြုန်းရက်ပါဘူးကွယ်”
ရုံးခန်း၏ အလယ်တည့်တည့် ဧည့်ထောက်ခံရန် အလှချထားသော ဆိုဖာအိအိကြီးပေါ်သို့ သူ(မ)က ကြော့ခနဲ တက်ထိုင်လိုက်သည်။အမြင်ဖြင့်ကြည့်ရသလောက် ခြေတစ်ဖက်မှာ ယခင်ကနှယ် လမ်းသွားတိုင်း ထော့နင်း ထော့နင်း မဖြစ်တော့။ဆေးကုသမှု ခံယူပြီးသလား၊ခွဲစိတ်ပြုပြင်မှုတွေပဲ အဆင့်ဆင့် အထပ်ထပ် လုပ်ခဲ့ပြီးသလား မခန့်မှန်းနိုင်။ကျွန်တော်နှင့်ကျွန်တော့်ဒယ်ဒီ့ထံက တူ၀ရီးနှစ်ယောက်ပေါင်း၍ ကွက်ကျော်ရိုက် လိမ်လည်လှည့်ပတ်သွားသော သိန်းသောင်းချီဂဏန်းပမာဏက နည်းနည်းနောနောမှ မဟုတ်ပါဘဲ။
“ကိုကို့ကုမ္ပဏီကြီးက ကျယ်လိုက်တာလည်း မပြောပါနဲ့တော့၊မြေညီထပ်က ဧည့်ကြိုကောင်တာတင် တိုက်တစ်လုံးစာလောက် နေရာယူထားတဲ့ဟာ၊lobbyတွေ,စတိုခန်းတွေ၊Meeting roomတွေ ဆိုတာလည်း များလိုက်တာ.. ရှူဖြင့် အခုချိန်မှာ အောက်ကနေ အပေါ်ပြန်တက်လာပြီး ကိုကို့ရုံးခန်း ရှာပြစမ်းဆို ရှာတတ်မှာကို မဟုတ်ဘူး”
“ကျစ် စကားများလွန်းတယ်”
“မိရှု လေပေါတာ အရင်ကတည်းက ကိုကို အသိပဲဟာ”
ဒီဇိုင်နာဖြင့် ကိုယ်တိုင်းတိုင်းချုပ်ထားဟန်ရှိသော ဇာနားကွပ် ပိုးဂါ၀န်ကိုယ်ကျပ်အရှည်မှာ ဒူးဆစ်နေရာမှစ၍ အလယ်တွင် တစ်ကြောင်းခွဲထားသဖြင့် ၀င်းမွတ်မွတ် သလုံးသားများ အတိုင်းသားပေါ်လွင်နေကြသည်။လက်ကြားတွင် အပြသဘော ဟန်ပါပါ ညှပ်ထားသော စီးကရက်ကို ဆေးပြာများ ခြွေချ၍ နှုတ်ခမ်းလှလှအား တွန့်နေအောင် ညွှတ်ကွေးထား၏။ဒူးတစ်ဖက်ချိတ် ခြေလိမ်ထိုင်၍ သူ့အိမ်သူ့ရာ သူ့နေရာထိုင်ခင်းတွင် လွတ်လွတ်လပ်လပ် လာရောက်အနားယူသည့် ဟန်အပြည့်ဖြင့် မထီတရီ ပြုမူပြသည်။