"ကိုကျောက် ခင်ဗျားကောင်ကခင်ဗျားထက်လက်ရာတွေပိုမိုက်နေပါလား..."
တဒီးဒီးမြည်နေတဲ့ Tattoo ထိုးစက်ရဲ့အသံတွေကြားအခုမှလက်စသတ်ထားပုံရတဲ့ ရင်ဘတ်ပေါ်က Scorpian ကိုမှန်ထောင်ကာကြည့်ရင်းစကားဆိုနေတဲ့ Tattoo ဗရပွနဲ့လူတစ်ယောက်... Skin Art ကိုသဘောကျတယ်ဆိုပေမဲ့ ခန္ဓာကိုယ်အနှံ့ထိုးဖို့အထိတော့သိပ်ဘဝင်မကျ... ကိုယ့်ဘဝအတွက်အရေးတကြီးရှိလှတဲ့အမှတ်တရမျိုးကိုသာစာလေးတစ်ကြောင်းလောက်အဖြစ်အရေပြားပေါ်မှာသိမ်းထားချင်တဲ့သူ... တခြားသူတွေရဲ့အဓိပ္ပါယ်အမျိုးမျိုးနဲ့ပုံဖော်ချင်ကြတဲ့ သင်္ကေတအမျိုးမျိုးကိုတော့သူတို့အရေပြားပေါ်မှာရေးဆွဲပေးဖို့ရာကျတော့ဝါသနာပါမိပြန်သည်...
"ဟုတ်တယ် အဲဒီကောင်ကိုဆိုင်ခွဲဖွင့်ဖို့ပြောနေတာကြာပြီ..."
ကိုယ့်အရည်အချင်းကိုအသိအမှတ်ပြုလာသူတွေရှိတော့ဝမ်းသာမိသည်... သူတို့ပြောတဲ့ဆိုင်ခွဲဖွင့်ဖို့ဆိုတာအစစအရာရာဈေးကြီးလှတဲ့ဒီလိုရန်ကုန်မြို့ကြီးမှာဆိုင်ခန်းနေရာရဖို့တောင်ကိုယ့်အခြေအနေနဲ့စိတ်ကူးမယဉ်ရဲ... နေ့ခင်းဘက်ဝင်ငွေနဲ့မလောက်ငတော့တဲ့အခြေအနေမှာညဘက်ဒီဆိုင်ကိုလာကူရင်းကိုယ့်မိသားစုဝင်ငွေကိုထိန်းညှိနိုင်ဖို့ကြိုးစားမိသည်... အမှန်ဆိုဒီအခြေအနေထိရောက်လာဖို့သူ့ပစ္စည်းကိရိယာတွေကိုထိတွေ့ကိုင်တွယ်ခွင့်ပေးခဲ့တဲ့ကိုကျောက်ကအခကြေးငွေမပေးရင်တောင်အလကားလာကူပေးမိမှာ... ကိုယ့်အခြေအနေကိုရိပ်မိနေတဲ့သူ ကိုယ့်အခက်အခဲတွေကိုနားလည်နေတဲ့သူဆိုတော့လည်း သူရတဲ့ထဲကခွဲဝေပေးရှာသည်... ဝါသနာကိုအကောင်အထည်ဖော်ခွင့်ရတာနဲ့တင်လုံလောက်ပါတယ်ဗျာလို့ပိုက်ဆံတွေကိုငြင်းမိတော့ ခုတလောလာထိုးတဲ့သူတွေများလာတယ်ကွပေးတုန်းယူဟုဆိုကာအိတ်ထောင်ထဲထိုးသိပ်ထည့်လာတတ်သည်... ရမှန်းသိတော့နေ့ခင်းဘက်အရောင်းဝန်ထမ်းအဖြစ်အသက်မွေးပြီး ညခင်းဘက် Tattoo Artist တစ်ယောက်အဖြစ်ဘဝကိုဖြတ်သန်းမိသည်...
"ဟုတ်သားပဲ ညီရာ... ဆရာကတောင်ခွင့်ပြုနေပြီကို..."
Tattoo တွေကို crazy ဖြစ်လို့ထိုးတာဟုဆိုကာဆိုင်ကိုခဏခဏလာတတ်သောကြောင့်အတန်အသင့်ရင်းနှီးနေပြီဖြစ်တဲ့ဧည့်သည်အစ်ကိုရဲ့စကားကိုပြုံးလျက်သာနားထောင်နေမိသည်...
