(Unicode)
စတိုးဆိုင်ရဲ့ အပြင်ဘက်ကို ငေးကြည့်မိတော့ ကောင်းကင်မှာ တိမ်ညိုတွေ အုံ့ဆိုင်းလျက်ရှိသည်။ မကြာမီပင် ရွာချတော့မည့်မိုးကို ကြိုမြင်မိသော်လည်း အိတ်ထဲတွင် ထီးအဆင်သင့် ပါလာသည်မို့ မစိုးရိမ်မိ။အဆာပြေစားရန် မုန့်ထုပ်အချို့၊ အအေးဘူးမျိုးစုံနှင့်အတူ ခံတွင်းချဉ်လျှင် သောက်ဖို့ စီးကရက်တစ်ဗူး ထည့်ထားသည့်ခြင်းအား ငွေရှင်းကောင်တာပေါ်သို့တင်ကာ ကျသင့်ငွေ တွက်ချက်သည်ကို စောင့်နေလိုက်သည်။ ထိုစဉ် စတိုးဆိုင်၏ တံခါးအား တွန်းဖွင့်ဝင်လာသည့် ဖြူလွှလွှပုံရိပ်လေးတစ်ခုအား မျက်စိထောင့်မှ တစ်စွန်းတစ်စ မြင်လိုက်ရသည်။
"ဟော... မိုးတွေ ရွာလာပြီ"
ပိုက်ဆံရှင်းပြီး အထုတ်တွေဆွဲကာ အပြင်ထွက်ဖို့အလုပ် ကောင်တာနားမှ ကြားလိုက်ရသော အသံခပ်စူးစူးလေး။ ပုခုံးပေါ် ဝဲကျနေသော အနက်ရောင်ဆံပင်လေးရယ်၊ အိမ်နေရင်းဝတ် အဖြူရောင်ဂါဝန်အရှည်လေးရယ်၊ နို့နှစ်ရောင်သမ်းနေတဲ့ အသားအရေလေးရယ်၊ ဘာမှလိမ်းခြယ်ထားခြင်းမရှိတဲ့ မျက်နှာလေးရယ်.. ရိုးရှင်းသောပေါင်းစပ်မှုလေးတွေဖြင့်ပင် ယဉ်ယဉ်လေးနဲ့ ကြည့်ကောင်းနေသည်ဟု စိတ်ထဲတွင် မှတ်ချက်ပေးလိုက်မိသည်။
"မြေသင်းနံ့လေးက မွှေးနေတာပဲ"
အစကတော့ ကိုယ့်အာရုံနှင့် ကိုယ်ဖြစ်သောကြောင့် သတိမထားမိလိုက်သော်လည်း စတိုးဆိုင်အပြင်ဘက်ရှိ အမိုးလေးအောက်၌ အိတ်ထဲမှ ထီးကို ထုပ်နေစဉ် ထပ်မံကြားလိုက်ရသော အသံစူးစူးလေးကြောင့် အကြည့်တို့က အဖြူရောင်ပုံရိပ်လေးရှိရာသို့ အလိုလိုရောက်သွားမိပြန်သည်။ အမိုးအပြင်ကို လက်တစ်ဖက်ထွက်ပြီး ကျလာသော မိုးရေတွေကို လက်ဖြင့်ခံကာ ဆော့ကစားနေသော သူမ။ ဆော့နေရာကနေ ကောင်းကင်ကို တစ်ချက်မော့ကြည့်ပြီးနောက် မိုးရေထဲ လျှောက်ရန် ခြေလှမ်းပြင်နေသည်လေ။
"ထီးမပါရင်လည်း မင်း ဒီထီးကို ယူသွားလိုက်ပါ"
မရည်ရွယ်ဘဲ ထွက်ကျသွားမိသောစကားသံကြောင့် မိုးရေထဲထွက်ရန်ပြင်နေသည့် သူမခြေလှမ်းတို့သည်လည်း တုံ့ခနဲရပ်သွားသည်။ မထူးတော့သည့်အတူတူ ပါလာသောထီးကို သူမလက်ထဲ ထည့်ပေးလိုက်ရင်း ကိုယ်တိုင်ကတော့ မိုးရေထဲသို့ ဒီတိုင်းပြေးရန် ဆုံးဖြတ်လိုက်သည်။ ထိုစဉ် ခဏဟူသောအသံနှင့်အတူ အင်္ကျီကို အနောက်ကနေ လှမ်းဆွဲထားသော လက်လေးတစ်ဖက်။
"ရှင်က ဟိုဘက်လမ်းထိပ်က တိုက်ခန်းတွေဘက် သွားမှာလား"