(Unicode)
"ကျွန်တော် အွန်းဘီကို စိတ်ဝင်စားတယ်"
မျက်လုံးလေး ဝိုင်းသွားသည့် သူမ။ ရုတ်တရက် လွှတ်ခနဲ ပြောထွက်သွားသည့် ကိုယ့်ကိုယ်ကိုလည်း ယွန်းဂီ အံ့သြမဆုံး။ပြောပြီးမှ ကိုယ့်ဘာကိုယ် အိုးတိုးအမ်းတမ်း ဖြစ်နေသည်။ မင်ယွန်းဂီရေ... မင်းတော့ ရူးသွားပြီထင်တယ်။
"ကျွန်မ ရှင့်ကို လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနေမိသွားတယ် ထင်တယ်"
အွန်းဘီက စိတ်ရှုပ်ဟန်ဖြင့် ပြန်ပြောလိုက်သည့်စကားကြောင့် ယွန်းဂီ အချိန်မတန်သေးဘဲ ဖွင့်ပြောမိတာ မှားသွားကြောင်း သိလိုက်ပါသည်။ အမှန်ဆို တစ်ယောက်အကြောင်း တစ်ယောက်ပိုသိဖို့ ကြိုးစားရမယ့်အချိန်မှာ စိတ်မြန်လက်မြန်တွေ လုပ်မိတာကိုး။
"အဲ့လိုကြောင့်မဟုတ်ပါဘူး... ကျွန်တော်ကသာ စတွေ့တဲ့နေ့ထဲက စိတ်ဝင်စားခဲ့တာ"
အွန်းဘီ သူ့ကိုယ်သူ အပြစ်မတင်စေရန် ပြောလိုက်သော်လည်း ကိုယ့်အကြောင်းကိုယ် ပြန်ဖော်မိသလို ဖြစ်သွားသည်။ ရည်းစားစကားပြောချလိုက်တုန်းကတောင် ဒီလောက်အံ့သြတဲ့ပုံ မပြဘူးဟု ယွန်းဂီ တွေးလိုက်မိသည်။
"ဘာပဲဖြစ်ဖြစ် သိတာ သုံးရက်လောက်နဲ့ ဖွင့်ပြောတယ်ဆိုထဲက ကျွန်မဘက်က အနေအထိုင်မတတ်တာမျိုး ရှိလို့...""အဲ့လိုမဟုတ်ပါဘူး... ခုနက တစ်ယောက်ကြောင့် စိတ်အပူလွန်ပြီး ဖွင့်ပြောမိသွား..."
"ရတယ်... မရှင်းပြနဲ့တော့"
စကားကို ဖြတ်ပြောကာ ထွက်သွားသော သူမကြောင့် ယွန်းဂီ ဘာဆက်လုပ်ရမယ်မသိ ကြောင်တောင်တောင်ဖြစ်ကာ ကျန်ခဲ့သည်။ လီအွန်းဘီကတော့ ဓာတ်လှေကားနံရံကို ကျောမှီကာ ယွန်းဂီဘက်ကို တစ်ချက်မှ မကြည့် မျက်နှာလွှဲလျက်။အငြင်းခံလိုက်ရသည်ဟုပဲ ယူဆရမည်လား ဘာမှန်းမသိသော အတွေးတို့ဖြင့် သူမ နောက်သို့လိုက်သွားရန်ပင် ဝန်လေးနေမိသည်။ တစ်သက်လုံး ဘယ်သူကိုမှ ဂရုမစိုက်ခဲ့သမျှ ခုမှ ဘာလုပ်ရမယ်မသိတော့...။ စိတ်ထဲမှာတော့ အတွေးတစ်ခုကိုသာ ထပ်ကာထပ်ကာတွေးမိနေသည်။
အချိန်တစ်ခုကို စောင့်ပြီးမှ ဖွင့်ပြောခဲ့သင့်တာ...။
===============