(Unicode)
တစ်လမ်းလုံး ပုခုံးပေါ်ခေါင်းမှီပြီး အိပ်လာတာမှ သိုးလို့...။ ယွန်းဂီလည်း အွန်းဘီနဲ့ကျမှ အိပ်တာကအစ အလျော့ပေးနေရတယ်။ ဒီလို အိပ်မောကျနေတဲ့အချိန် သွားနှိုးရင်လည်း ရန်ကထောင်ဦးမယ်လေ။ ဒါပေမယ့်လည်း မနှိုးလို့က မရတော့။
"အွန်းဘီ ထတော့... ဒယ်ဂူရောက်ပြီ""ချီ..."
"ဂျီကျမနေနဲ့... အခုထ"
ယွန်းဂီ ခပ်မာမာပြောကာ ခေါင်းကို တစ်ချက်နာနာလေး ခေါက်လိုက်မိသည်။ အွန်းဘီတို့ လုပ်ပုံကိုလည်း ကြည့်ဦးလေ... အခုက သူ့မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ ဒယ်ဂူကို ခေါ်လာတာ.. လေယာဉ်ဆိုက်လို့ နှိုးတာကို ချီဆိုတော့ ခေါင်းခေါက်မှပဲ ဖြစ်တော့မဲ့ဟာ။ ကောက်တာကတော့ ကောက်ပါစေ... ပြန်ချော့လို့ရတယ်ဟု ယွန်းဂီ တွေးလိုက်သည်။သူ့အနောက်ကနေ အိပ်ချင်မူးတူး မှုန်ကုတ်ကုတ်ရုပ်နဲ့ ခေါင်းကုတ်ပြီးလိုက်လာတဲ့ အွန်းဘီ။ ဆံပင်တွေကလည်း ပွယောင်းယောင်းကို ဖြစ်လို့။ ခုထိ နိုးကော နိုးသေးရဲ့လားပဲ... ယွန်းဂီတောင် သြချရတယ် အိပ်တာမှ။
"အင့်... အိတ်ခဏကိုင်ပေး... အိမ်သာ ဝင်လိုက်ဦးမယ်"
အိပဲ့အိပဲ့နဲ့ အိမ်သာထဲ ဝင်သွားပြန်သည်။ အင်းပေါ့... သူလည်း ပြန်ပြီး ပြင်ဆင်ခြယ်သရဦးမှာဆိုတော့။ ဆယ်မိနစ်သာသာလောက် ယွန်းဂီ စောင့်လိုက်ရသည်။ အွန်းဘီက နှုတ်ခမ်းနီတွေ ဘာတွေဆိုးပြီး ပြန်ထွက်လာသည်။ ဘယ်လိုနေနေ လှတယ်... ချစ်တာမို့လို့။
"အဲ့လောက်တောင် ချောလား အွန်းဘီက""ဟင်... ဘာကိုလဲ"
"သူပဲ ထွက်လာထဲက အနားရောက်တဲ့အထိ လူကို စိုက်ကြည့်နေပြီးတော့"
ရယ်ကျဲကျဲလေးပြောလာသဖြင့် ယွန်းဂီ အမ်းတမ်းတမ်းတောင် ဖြစ်သွားသည်။ သူကိုယ်တိုင်လည်း အဲ့လောက်ထိ ကြည့်နေမိမှန်း မသိလိုက်။
"ကိုကို ကားငှါးမှာလား"
လေဆိပ်အပေါက်ဝရောက်လာ၍ သူမ မေးသောစကားကြောင့် ယွန်းဂီ ခေါင်းညိမ့်ပြလိုက်သည်။ ဒီအရပ်ဒေသက သူနှင့်သာ အကျွမ်းတဝင်ရှိသည်မို့ ကားငှါးခြင်း ကိစ္စလည်း သူသာ ဆောင်ရွက်လိုက်သည်။ ကားပေါ်ရောက်သည်နှင့် အွန်းဘီက ပြတင်းပေါက်လေးပေါ်မေးတင်ကာ အပြင်ကို ငေးနေသည်။
"အွန်းဘီ ဒယ်ဂူ ရောက်ဖူးလား"